Showing posts with label မျှဝေခံစား ရေးသားကြတဲ့ ဝိုင်း. Show all posts
Showing posts with label မျှဝေခံစား ရေးသားကြတဲ့ ဝိုင်း. Show all posts

Monday, January 4, 2010

မာယာမဲ့သောမြစ်

အချစ်ဆိုတဲ့အရာကို ဒါအချစ်ပဲလို့ စသိလိုက်ရတဲ့အချိုန်ဟာ ကျွန်တော့်အတွက် တော့နောက်ကျလွန်းပါတယ်၊၊ကျွန်တော်သိခဲ့တဲ့ အချစ်က တွေဝေမှုတွေ၊အားနာမှုတွေ၊ နောက် စွန့်လွှတ်မှုတွေ နဲ့ဆိုတာ ကျွန်တော် သိခဲ့ရတဲ့အချိန်မှာ ရင်ထဲကအချစ်က နှလုံးသားနဲ့အဝေးဆုံး ကိုရောက်သွားပါပြီ၊၊ တစ်ကယ်တော့ ဒါတွေဟာ တစ်ဖက်သက်ကျလွန်းတဲ့ ကိုယ်ပိုင်အတွေးတွေပါ၊၊ ဟုတ်တယ် ဒါတွေကို တိုးတိုးလေးခေါ်ဆိုခဲ့ရတဲ့ ရင်ထဲက မြစ်တစ်စင်း ကတော့သိလိမ့်မယ် မထင်ပါဘူး၊၊ အေးမြခြင်းတွေ သန့်စင်ခြင်းတွေ နဲ့သူ့ဘ၀ကို စီးဆင်းနေခဲ့ စီးဆင်းနေဆဲပါပဲ၊၊ သူ့ကိုစတွေ့တာ ဟိုးကလေးဘ၀ကတည်းကပေါ့၊၊ ဟုတ်တယ် မူလတန်းကနေ အထက်တန်းထိ တစ်မြေထဲ တစ်ကျောင်းထဲမှာ နေခဲ့ သင်ယူခဲ့ကြတာ ပဲလေ၊၊ လှတယ် စာအရမ်းတော်တယ် ခင်တတ်တယ် စိတ်မနောဖြူစင်တယ် ဆိုတဲ့အချက်တွေက ကျွန်တော့်ကို ဟိုးအဝေးဆုံးကို တွန်းပို့စေခဲ့တာပေါ့၊၊ အဖြူရောင်စာရွက်ပေါ်ကို ဘာအရောင်မှ မစွန်းထင်စေပဲ ဒီအတိုင်းထိုင်ကြည့်နေခြင် တာကျွန်တော့ရဲ့စိတ်ပေါ့၊၊ ကျွန်တော့်ကြောင့် သူစွန်းထင်းသွားမှာ စိတ်ထိခိုက် စိတ်ရှုပ်မှာကို ကျွန်တော် အရမ်းကြောက်မိပါတယ်၊၊ သူငယ်ချင်းလို ခင်မင်ခွင့်ရပြီး သူ့အနားကနေ သူ့ကို ကဗျာတစ်ပုဒ်လို ရွတ်ဆိုနေရတာ ကျွန်တော့်အတွက်တော့ သာယာပါတယ်။ မာယာမပါတဲ့ အပြုံး ဖြူစင်တဲ့ ပြောဆိုဆက်ဆံမှုတွေကြားထဲမှာပဲ ကျွန်တော်ရဲ့ နှလုံးသားဟာ အေးခဲခဲ့ရတယ်လေ၊၊ တစ်ကယ်တော့ သူဟာ သူမရဲ့အိမ်စာတွေ လေကျင့်ခန်းတွေနဲ့ ခေါင်းနှစ်ပြီး အလုပ်ရှုပ်နေချိန်မှာတော့ ကျွန်တော်တစ်ယောက်ထဲ အတွေးတွေနဲ့ ပျော်နေခဲ့ရတယ်။ကျောင်းစာသင်ခန်းထဲ မှာလဲ ဘေးတိုက်မကျတစ်ကျ နောက်နားကနေ သူ့မျက်နှာကို ငေးကြည့် ရင်းဆရာ မမြင်အောင် စာသင်ချင်ယောင် ဆောင်ရသေးတယ်လေ။ဒီလိုနဲ့မှတ်စုစာအုပ် ဝေးလို့ ပုံနှပ်စာအုပ်တောင် ဘယ်နားရှာရမှန်းမသိတဲ့ကောင် စာမေးပွဲကိုတော့ သူနဲ့အတူအောင်ချင်ပါသေးရဲ့။ဒီလိုနဲ့ ၁၀ တန်းစာမးပွဲဖြေဖို့ ၃လ လောက်ပဲလိုတော့တယ်။''ဟဲ...နင်စာတွေရပြီလား''တဲ့ အဟား ဒီကောင်က မြစ်တစ်စင်းနဲ့ အတူစီးဆင်းနေတာ စာဆိုတာဝေလာဝေးပေါ့။"အာ....မဖြစ်သေးပါဘူး ပေးပေး နင့်စာအုပ်တွေ'' ဆိုလို့ စာကြည့်စားပွဲကို မြေလှန်ခဲ့ရသေးတာပေါ့။ဒီလိုနဲ့ သူ့ရဲ့မှတ်စုတွေ လက်ရေးကော်ပီ တွေနဲ့ ဒီ ၁၀ တန်းကို ကျွန်တော်အောင်ခဲ့ရပါတယ်။ဝမ်းသာလိုက်တာ ကောင်မလေးရေ.....စာမေးပွဲအောင်တာရယ် နင့်ရဲ့ကူညီမှုတွေ အရာထင်အောင် ငါလုပ်ပေးနိုင်တဲ့အတွက်ပါဟာ။ တကယ်တော့ အဲဒီနေ့ကနေစပြီး ခွဲခွာခြင်းတွေကစခဲ့တာပေါ့။စာတော်တဲ့နင်နဲ့ ရမှတ်တွေက မိုးနဲ့မြေပဲလေ။မတူညီတဲ့ ကျောင်းတွေမှာတက်ကြရင်းနဲ့ လူ့လောကထဲကို တိုးဝင်ပြီး ငါတို့ကွဲသွားကြတာ ခုချိန်ဆို ၁၁နှစ် လောက်ရှိပြီ နော်။ခုချိန် ကံကြမ္မာကြုံခဲ့လို့ ပြန်ဆုံတွေ့ခွင့်ရရင်တောင် ငါ့အတွက်တော့ မစီးဆင်းပါနဲ့ဟာ။ငါ့ရဲ့ မာယာမဲ့တဲ့ မြစ်ကို ကဗျာတစ်ပုဒ်လိုပဲ ခံစားနေပါရစေ.......

Tuesday, December 29, 2009

မိဘ နှင့် သားသမီး


အဲလို ခေါင်းစဉ် တပ်လိုက်တော့ တော်တော်သိ တော်တော်တတ် နေသလားလို့  ထင်လိမ့်မယ်.. တစ်ကယ်တော့ ကျွန်မ ဘာဆိုဘာမှ မသိပါဘူး.. ပြောပြချင်တဲ့ အကြောင်းအရာလေး တစ်ခုကြောင့်သာ အဲလို ခေါင်းစဉ် ပေးလိုက်မိတာပါ... ကျွန်မ ပုဂံကို ခရီးသွားတော့ လမ်းမှာ တွေ့ ခဲ့တဲ့ ကလေးငယ်လေး တစ်စုကြောင့်ပါ... မိဘဆိုတာ သားသမီးတွေရဲ့  ရှေ့ ဆောင်လမ်းပြ ဖြစ်နေရမဲ့သူတွေပါ.. မိဘက သားသမီးကို လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးကြရတာပါ.. သားသမီး မလိုက်နာတာ မိဘ ဆိုဆုံးမ မတက်လို့  ဖြစ်ရတာတွေပါပဲ.. ပုပ္ပါး ကအပြန် ဘုရားဖူး ယာဉ်တွေနဲ့  တွေ့ ခဲ့ရတယ်. ယာဉ်ပေါ်က ကလေးတွေက လမ်းမပေါ်ကို ပိုက်ဆံ ပစ်ချပေးတာ မြင်ခဲ့ရပါတယ်.. သူတို့ တွေက လမ်းပေါ်မှာ " မုန့်ဖိုးပေးပါဗျို့" ဆိုပြီး အော်ဟစ်နေတဲ့ ကလေးတွေကို ပစ်ချပေးကြတာပါ.. ကားပေါ်ကနေ ပစ်ချပေးလိုက်တော့ လမ်းပေါ်က ကလေးတွေက ဘယ်မှ မကြည့် ရှေ့  မကြည့် နောက် မကြည့်နဲ့  ပိုက်ဆံ အတင်း လုကောက် ကြပါတယ်.. ကျွန်မတို့ ဆိုင်ကယ်သာ အရှိန် အလွန်မြန်ခဲ့ရင် အဲဒီ့ လိုက်ကောက်တဲ့ကလေး အသက် ပျောက်နေခဲ့ပါပြီ.... တစ်ကယ်ဆို ကားပေါ်ကနေ ပိုက်ဆံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ပစ်မချ ပေးသင့်ပါဘူး.. အဲလိုပဲ ကလေးတွေကလည်း " မုန့်ဖိုးပေးပါဗျို့" ဆိုပြီး လမ်းမပေါ်မှာ လိုက်မတောင်းသင့်ပါဘူး.. အဲဒီ့နေရာမှာ လူကြီးတစ်ယောက်မှ ရှိမနေပါဘူး... အဲလိုအချိန် ကလေးတစ်ခုခု ဖြစ်သွားပါပြီတဲ့ ဘယ်သူက ဘာသွားလုပ်ပေးမလဲ တိုက်တဲ့ ကားပဲဖြစ်ဖြစ် ဆိုင်ကယ်ပဲဖြစ်ဖြစ် ပစ်ပြေးသွားမှာပဲ သေတော့ ကိုယ့်ကလေးပဲ အသက် ဆုံးရှုံးရမှာပဲလေ.. ဒါတွေကို မိဘတွေက မသိတာလား. မသိချင်ယောင် ဆောင်နေတာလား.. သိသိကြီးနဲ့  ပိုက်ဆံ အလကားရအောင် လုပ်ခိုင်း ထားတာလား.. စဉ်းစားစရာပါပဲ...အဲလို ကလေးတွေဟာ နောင်တစ်ချိန်မှာ ပိုက်ဆံဆိုတာ တောင်းရင် ရတယ်ဆိုတဲ့ အသိစွဲသွားရင် ဘယ်လိုလုပ်မလဲ.. ကျွန်မ စဉ်းစားမိတယ်. ကလေးဆိုတာ ဘာမှ သိသေးတဲ့ အရွယ် မဟုတ်သေးပါဘူး.. ရှေ့ က မိဘတွေ လူကြီးတွေ ကိုယ့်အစ်ကို အစ်မတွေ လုပ်သလို အကုန် လိုက်လုပ်တက်တဲ့ အရွယ်လေးတွေပါ.. အဲလို အရွယ်လေးတွေကို ဘယ်လိုမိဘ မောင်နှမ သားချင်းတွေက အဲလိုအသိတွေ ပေးလိုက်တယ် မသိပါဘူး... စိတ်မချမ်းမြေ့ စရာပါပဲ...
ကျွန်မ စစ်ကိုင်းဘက် ဘုရားဖူး ထွက်တုံးကဆိုရင်.. မြသိန်းတံ ဘုရားမှာ ကလေးတစ်ယောက်က ဖယောင်းတိုင် လေးတွေကို လိုက်ရောင်းတာ တွေ့ ခဲ့ရတယ်. ကလေးလေးက အလွန်ချစ်စရာ ကောင်းပါတယ်.. စကား ပြောတာကလည်း ရည်မွန်လှတယ်.. ကျွန်မတို့  ဆရာကြီးက အဲဒီ့ကလေးကို ချစ်လို့ မုန့်ဖိုး ပေးတာ အဲဒီ့ ကလေးက မယူပါဘူး.. ဘာပြန်ပြောလည်းဆိုတော့ "မေမေက မှာထားတယ်.. သူများ အလကားပေးတာ မယူရဘူးတဲ့ ကိုယ့်လုပ်အားနဲ့ ကိုရတဲ့ပိုက်ဆံကိုပဲ ယူရမယ်တဲ့.. ဒါ့ကြောင့် ကျွန်တော်ရောင်းတဲ့ ဖယောင်းတိုင်သာ ဝယ်သွားပါတဲ့ "လေ.. ဘယ်လောက် ချစ်စရာကောင်းလိုက်လဲ.. အဲဒီ့ နှစ်ခုကို ယှဉ်ကြည့်လိုက်တော့ မိဘတွေရဲ့ ဆိုဆုံးမမှုဟာ သားသမီးတွေ အပေါ်မှာ အလွန် အရေးကြီးပါလား ဆိုတာ သိလိုက်မိတယ်... အဲလို မိဘမျိုးတွေ များများရှိနေပါစေလို့  စိတ်ထဲမှာပဲ ကြိတ်ဆုတောင်းနေမိပါတော့တယ်....

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Monday, December 28, 2009

ပုပ္ပါးတောင် နှင့် ပုဂံခရီး



Christmas ပိတ်ရက်မှာ အိမ်မှာပဲ ဇိမ်နဲ့နှပ်မယ်လို့ စိတ်ကူးထားတုန်း မုံရွာက အခင်မင်ရဆုံး သူငယ်ချင်း တစ်ယောက်နဲ့ ညီမလေးတို့ ဇနီးမောင်နှံ အလည် လာမယ်ဆိုလို့ မနားရဘဲ ဘုရားဖူး လိုက်ပို့ဖို့ ဖြစ်လာပါတယ်။ နားရက် မရခဲ့ပေမဲ့ သူငယ်ချင်းနဲ့  ပြန်တွေ့ ရတော့ ပျော်ရွှင်ရပါတယ်။ အစတုံးက Christmas ပိတ်ရက်မှာ ပုဂံကို သွားမယ် စိတ်ကူးပေမဲ့ မသွားဖြစ်လိုက်ပါဘူး။ ကျွန်မတို့  ပခုက္ကူမြို့နယ် တွင်းရှိတဲ့ တန်ခိုးကြီး ဘုရားများဖြစ်တဲ့ ပခန်းဘုရား၊ ရွှေတန်းတစ်ဘုရား၊ သီဟိုဠ်ရှင် မြတ်စွာဘုရား၊ ရွှေမုတ်ဠော ဘုရားတို့ ကိုပဲ လိုက်ပို့ ပေးဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ရွှေကူ တံကဲတော်ကြီး ကိုတော့ လိုက်ပို့  မပေးဖြစ်ခဲ့ပါဘူး။ Christmas နောက်နေ့ ကျမှ မနက် အစော ဇက်နဲ့ လက်ပံခြေပေါ် ဇက်ဆိပ်ကနေ ပုဂံကို ခရီးဆက် ခဲ့ကြပါတယ်။ ပုဂံမှာ ရွှေစည်းခုံ ဘုရားကို ဝင်ရောက် ဖူးမျှော်ပြီး၊ ပုဂံဘုရားထက် ပုပ္ပါးကို သွားချင်တဲ့အတွက် ပုပ္ပါးတောင်ကို အရင်သွား ဖြစ်ခဲ့ကြပါတယ်။ ပုပ္ပါးတောင် မရောက်ခင် တုရင်တောင် ဘုရားကို ဝင်ရောက် ဖူးမျှော်ခဲ့ကြပါတယ်။ တုရင်တောင် အတက်လမ်း မက်မက်ကို ဆိုင်ကယ် အရဲစွန့် စီးရတာလည်း ပျော်စရာ ကောင်းလှပါတယ်။ ကားနဲ့ တောင် မနဲတက်နေရတဲ့ ဒီတောင်ပေါ်ကို ဆိုင်ကယ်လေးနဲ့  တက်ရတယ် ဆိုတာကို သွားနေတုံး ဘယ်လိုမှ မဖြစ်ပေမဲ့ အပြန် အိမ်ရောက်တော့မှ လန့် နေမိတော့တယ်။ ပုပ္ပါးတောင်က တုရင်တောင်လောက် မမက်ဘူးဆိုပေမဲ့ တက်ရတာ ဘုရားတ နေရတာပါပဲ။ တောင်တက်လမ်းတွေ ချည်းဖြစ်နေတဲ့ ဒီခရီးကို သွားတုံးက ပျော်ခဲ့ပေမဲ့ ပြန်တွေးကြည့်မှ ကြောက်မိနေတော့တယ်။ ပုပ္ပါးတောင် ပေါ်တက်တော့ ကိုရွှေမျောက်တွေရဲ့  ရန်ကလည်း မနည်းရှောင် ရသေးတယ်။ အစာကျွေးမှန်း သိတော့ အနားကနေ မခွာဖြစ်နေတဲ့ ဒီ ကိုရွှေတော်တွေကို မနည်း မောင်းထုတ်ရပါတယ်။ ဝယ်လာခဲ့တဲ့ မုန့် တွေလည်း သူတို့  လုတာနဲ့ ပဲ ကုန်ရပါတော့တယ်။ တောင်ကလပ်လေးတောင် အသက်ရှူမှား နေတာတောင် တောင်မကြီးကို နောက်တစ်ခေါက် တက်ဖြစ်အောင် တက်မယ်လို့ မှန်းထားခဲ့မိပါသေးတယ်။ ကျွန်မ ညီမကတော့ တွဲကူမဲ့သူပါတော့ ကျွန်မတို့ ထက် ပိုမောပါတယ် :) ။ တောင်ပေါ် တက်တော့ ချွေးစို့ ပေမဲ့ တောင်ပေါ်ရောက်တော့ လေနုအေးလေး တွေကြောင့် လန်းဆန်း ရပါသေးတယ်။ ပုပ္ပါးတောင် ပေါ်ကနေကြည့်ရင် အိမ်သေးသေးလေးတွေပဲ မြင်ရပါတော့တယ်။
ကျွန်မတို့က ပုဂံဘုရားဖူးတင်ဆိုပြီး အိမ်ကနေထွက်လာခဲ့တော့ ပုပ္ပါးတောင်ကနေအပြန် (၃းဝဝ)နာရီရှိနေပြီ ဖြစ်တဲ့အတွက် ဘယ်လိုမှ ဇက်မမီနိုင်တော့ပါဘူး။ ဒါ့ကြောင့် စက်လှေနဲ့ ပဲသွားဖို့ ဆုံးဖြတ်ပြီး ပုဂံဘုရားကို ဆက်လက်ဖူး ခဲ့ကြပါသေးတယ်။ ဒါတောင် ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာဘုရား ပဲရောက်ခဲ့ပါတယ်။ ကျွန်မတို့သွားတဲ့အချိန်က အာနန္ဒာဘုရားပွဲတော် ဖြစ်တဲ့အညီ ဘုရားဖူး ဧည့်သည်တွေလည်း များပြားလှပါတယ်။ ဆောင်းတွင်း ရာသီလည်းဖြစ်၊ ဒီဇင်ဘာ အားလပ်ရက်ရှည် ပိတ်ရက်လည်း ဖြစ်တဲ့အတွက် အနယ်နယ် အရပ်ရပ်က ဘုရားဖူး ဧည့်သည်တွေရော၊ နိုင်ငံခြားသား ဧည့်သည်တွေရော စည်ကားလှပါတယ်။ ပုဂံဝန်းကျင် ဘယ်ကြည့်ကြည့် အဖွဲ့ လိုက် ဘုရားဖူးတွေကို မြင်နေရမှာပါ။ ကျွန်မတို့ တွေအားလုံး ပျော်ရွှင်ခဲ့ကြပါတယ်။ စက်လှေကိုလည်း ဘုရားစာ အထပ်ထပ် ရွတ်ပြီး လိုက်ခဲ့ရတာတွေကိုလည်း မမေ့နိုင်ပါဘူး။ ဖုန် အရမ်းထူထပ်တဲ့ လမ်းတွေကို မမြင်မစမ်းနဲ့ ဆိုင်ကယ်မောင်း ရတာလည်း မမေ့နိုင်တော့ပါဘူး။ အိမ်ပြန် နောက်မကျနဲ့ အပြင်မှာ ဘာမှစားမလာနဲ့..စသည်ဖြင့် အထပ်ထပ် မှာလိုက်တဲ့ မေမေ့စကားကိုလည်း ကျွန်မတို့ အားလုံး မပယ်ရှားဝံ့တဲ့အတွက် ဘာမှမစားခဲ့ဘဲ ဗိုက်ဆာတဲ့ဒဏ်ကိုလည်း အားလုံး ခံစားရတာကိုလည်း မမေ့နိုင်တော့ပါဘူး...
ဘာပဲဖြစ်ဖြစ်.. ပုဂံ၊ ပုပ္ပါး၊ တုရင်တောင် ခရီးကတော့ဖြင့် မမေ့နိုင်တဲ့ ခရီးတစ်ခုပဲ ဖြစ်ပါတော့တယ်။ ဒီလိုရာသီဥတု၊ ဒီလိုအချိန်မှာ ဘုရားဖူးထွက်ရတာ ပျော်စရာ အလွန်ကောင်းပါတယ်။ ပုဂံ ဘုရားတွေ အကြောင်း၊ ပုပ္ပါးတောင်အမြင့်၊ တုရင်တောင် ရာဇဝင် စတာတွေကို ဘာမှမသိလို့ ဘယ်လိုမှ မရေးပြ နိုင်ပါဘူး။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။ နောက် ကြုံရင် သိလာခဲ့ရင် ထပ်ရေးပါအုံးမယ်။ အခုကတော့ ကျွန်မရဲ့ ခရီးသွား မှတ်တမ်း သေးသေးလေးပါပဲ။ ကျွန်မနေထိုင်တဲ့ ပခုက္ကူကို လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။ ပုဂံကို အလည်တစ်ခေါက် သွားချင်တယ် ဆိုရင်လည်း လိုက်ပို့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..
တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Wednesday, December 23, 2009

ဒီဇင်ဘာ ထဲက ဆင်တဲ

ယမန်နေ့ညက ရွာထားတဲ့မိုးကြောင့် မနက်စောစောစီးစီး မြေသင်းရနံ့လေးတွေနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်။ JURONG POINT ကိုရောက်တော့ X-mas အတွက် ပြင်ဆင်ထားတာလေးတွေကြည့်ပြီး သြော်...ဒီအချိန်ဆိုရင် မြန်မာပြည်မှာ ခိုက်ခိုက်တုန်နေရောရောပေါ့ ဆိုတဲ့အတွေးနဲ့ ဆင်တဲရဲ့ ဒီဇင်ဘာလေးကို သွားသတိရမိလို့ ဒီ POST လေးရေးဖြစ်တာပါ။
ဒီဇင်ဘာရဲ့ ညတစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စာအတူစုကျက်ကြရင်း ပေါ့ဆိမ့် က ‘‘ ဒီလက ဒီဇင်ဘာအားကစားလ’’တဲ့ ‘‘ ဒို့တွေ မနက်အစောကြီး ထပြေးရင်ကောင်းမယ်’’ လို့ပြောတယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ မနက်စောစောစီးစီး စောင်ခြုံကွေးရတဲ့အရသာကိုမလဲနိုင်ကြလို့ သဘောမတူပါဘူး။ အဲဒီတော့ ကျွန်တော်တို့နှစ်ယောက်ပဲ မနက် ၄ နာရီထပြေးဖို့ သဘောတူလိုက်တယ်။
နံနက် ၄ နာရီနှိုးဆက်မြည်တော့ အိပ်ယာကနေ မျက်စိမဖွင့်ပဲ ခြုံစောင်ဖယ်ပြီး မတ်တတ်ရပ်လိုက်တယ်။ ‘‘အားပါး ချမ်းလိုက်တာ’’ စောင်ခြုံထဲ ပြန်ပြေးဝင်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမယ့် ပေးထားတဲ့ကတိ အပျက်ခံလို့မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ မျက်နှာသစ်ချင်ယောင်ဆောင်လိုက်တယ်။ အရမ်းအေးတော့ ရေကိုလက်နဲ့ထိတာ ဓါတ်လိုက်သလိုပဲ။ အဲဒါကြောင့် သစ်ချင်ယောင်ဆောင် သဘက်ဆောင်နဲ့သုတ်ပြီး သူငယ်ချင်းအိမ်ဘက်ထွက်လာခဲ့တယ်။ အဲဒီနောက် ကျွန်တော်တို့နှစ်ယောက် စတင်ပြေးခဲ့ပါတယ်။ အောက်ရပ်ကွက် လယ်ကွင်းတွေရဲ့ ဘေးလမ်းကနေ အထက ကျောင်းကြီးဆီဦးတည်ပြေးပြီးတော့ ညာဘက်ကွေ့ မောင်းထောင်ဂိတ်ကိုဖြတ်ပြီး ပန်းတောင်တောင်ကုတ် လမ်းမကြီးအတိုင်းပြေးခဲ့ပါတယ်။ ဆင်တဲသင်္ချိုင်းနားကိုရောက်တော့ ကျွန်တော်တို့နှစ်ယောက် အနည်းငယ်ချွေးစို့လာပါတယ်။ တစ်လမ်းလုံးပြေးလာလို့လေ။ အဲဒီကနေ ဆင်တဲဈေးကိုဖြတ် ဧရာဦးလဘက်ရည်ဆိုင်ကိုဖြတ်ပြီး ကမ်းနားရပ်ကွက် ဇီးတောလမ်းမှတဆင့် တန့်ကြည်တောင်ခြေကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြူတွေဝေနေတဲ့ ဇီးခင်းကြီးနဲ့ နှင်းတွေစိုနေတဲ့ သစ်ပင်လေးတွေ ကိုအခုထိသတိရနေတုန်းပဲ။ ပြီးတော့သူငယ်ချင်းနှစ်ယောက် တောင်ခြေမှ အုတ်ခဲနဲ့သဲကို ကိုယ်နိုင်သလောက်သယ်ပြီး တောင်ပေါ်ရောက်တော့ ဘုရားရှေ့မှာလှူဒါန်းခဲ့တယ်။ ပြီးတော့တောင်ပေါ်ကနေ ဆင်တဲနဲ့ဧရာဝတီရဲ့ ဝေလီဝေလင်းနှင်းတွေဆိုင်းနေတဲ့ သဘာဝအလှကို အားပါးတရကြည့်ပြီး တန့်ကြည့်တောင်ဘုရားပေါ်က ပြန်ဆင်းခဲ့ပါတယ်။
အပြန်ဆင်တဲဈေးမှာ ကောက်ညှင်းငချိပ်ပေါင်းဝယ်စားပြီးပြန်ခဲ့ပါတယ်။ အိမ်ရောက်တော့ အဝတ်အစားအမြန်လဲပြီး ကျောင်းကိုအမြန်ထွက်ခဲ့တယ်၊ အခန်းဝရောက်တယ်ဆိုရင်ပဲ ‘‘မင်္ဂလာပါ ဆရာမ’’ ဆိုတဲ့ ညီညာနာဝင်ချိုတဲ့ အသံကိုကြားလိုက်ရတယ်၊ ကျွန်တော်တို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အနည်းငယ်ရှုံ့မဲ့သွားပြီး‘‘သူငယ်ချင်းရေ ဒီနေ့တော့ ထိုင်ထပဲလုပ်ရမလား၊ ဗိုက်ကြောပဲ လိမ်ဆွဲခံရမလား၊ ပေတံစောင်းနဲ့မိမလား၊ တစ်ခုခုတော့ ချီးမြှင့်ခံရမှာပဲ’’
ဒါလေးကတော့ ကျွန်တော့်ရဲ့ ဒီဇင်ဘာတွေထဲက ဒီဇင်ဘာလေးတစ်ခုပါ
ခေါင်းစီးလေးနဲ့အညီ မျှဝေခံစားနိုင်ပါစေလို့

Tuesday, December 15, 2009

လူတိုင်းအောင်မြင်ချင်ရင် A to Z ကို သတိရပါ

လူတိုင်း အောင်မြင်ချင်ကြပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘ၀တလျှောက် လုံးမှာ စသဖြင့် နေရာတိုင်းမှာ အောင်မြင်ချင် ကြပါတယ်။ အောင်မြင်ချင်ရင် A to Z ကို သတိရပါ တဲ့။ သူတို့တွေ ကတော့

Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။
Consider things from every angle.
အရာတိုင်းကို ရှုထောင့်စုံက စဉ်းစားတွေးတောပါ
Don’t give up and don’t give in
ဘယ်တော့မှ လက်မလျှော့ပါနဲ့ ပြီးတော့ အရှုံးမပေးပါနဲ့
Enjoy life today. Yesterday is gone and tomorrow may never come.
ပစုပ္ပန်မှာ ဘ၀ကို ပျော်အောင်နေပါ။ မနေ့က ကုန်လွန်ခဲ့ပြီး မနက်ဖြန်က ရောက်ချင်မှ ရောက်လာမှာပါ
Family and friends are hidden treasures, seek them and enjoy their values.
မိသားစုနဲ့ သူငယ်ချင်း ဆိုတာ ပုန်းကွယ် နေတဲ့ ရတနာ တွေပါ။ သူတို့ကိုတွေ့အောင် ရှာဖွေပြီး သူတို့ကို ကောင်းကောင်း တန်ဖိုး ထားပါ။
Give more than you planned to
စီစဉ်မှန်းထားတာထက် ပိုပေးပါ
Hang on to your dreams
အိပ်မက်များကို မြဲမြဲဆုပ်ကိုင်ထားပါ
Ignore them who try to discourage you
သင့်ကို စိတ်ဓာတ်ကျအောင်ကြိုးစားသူ၊ စိတ်ဓာတ်ကျစေသူများကို လျစ်လျူရှုပါ
Just do it
ရဲရဲသာလုပ်ပါ
Keep trying no matter how hard it seems, it may get easier
ဘယ်လောက်ခက်တယ်လို့ ထင်နေပါစေ၊ ဆက်ကြိုးစားနေပါ၊ ပိုလွယ်ကောင်းလွယ်နေပါလိမ့်မယ်
Love yourself first and most
ကိုယ့်ကိုယ်ကို ပထမဆုံးနဲ့ အများဆုံးချစ်ပါ
Make it happen
အဖြစ်ရှိအောင် အလုပ်လုပ်ပါ
Never lie, cheat or steal, always strike a fair deal
ဘယ်တော့မှ မလိမ်ပါနဲ့၊ မညာပါနဲ့၊ မခိုးပါနဲ့၊ အမြဲ တရားမျှတမှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို တိုက်ယူပါ
Open your eyes and see things as they really are
သင့်အမြင်များကို ဖွင့်ထားပါ။ ပြီးတော့ အရာရာကို အမှန်အတိုင်းမြင်နိုင်ပါစေ
Practice makes perfect
လေ့ကျင့်ခြင်းသည်သာ အမှန်တကယ် ပြီးပြည့်စုံစေသည်
Quitters never win and winners never quit
လက်လျှော့သူ ဘယ်တော့မှ မအောင်နိုင်၊ အောင်နိုင်သူ ဘယ်တော့မှ လက်မလျှော့
Read, study and learn about everything important in your life
သင့်ဘ၀အတွက် အရေးကြီးသော အရာအားလုံးကို အမြဲ ဖတ်ပါ၊ လေ့လာပါ၊ သင်ယူပါ
Stop procrastinating
Take control of your own destiny
သင့်ပန်းတိုင်ကို သင်ကိုယ်တိုင် ထိန်းချုပ်ပါ
Understand yourself to better understand others
သူများကိုပိုနားလည်ဖို့အတွက် သင်ကိုယ်တိုင်ကို သင် ပိုနားလည်ပါစေ
Visualize it
စိတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားသလို ဓာတ်ပုံရိုက်ထားသလို စွဲမြဲနေပါစေ
Want it more than anything
ကိုယ့်ကိုယ်ကို နားလည်မှုကို အခြားအရာအားလုံးထက် ပို လိုချင်နေပါစေ
Xcellerate your efforts
ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
You are unique of all God’s creation, nothing can replace you
လောကမှာ ရှိတဲ့ သဘာဝတရားရဲ့ ဖန်တီးမှုတွေထဲမှာ သင်ဟာ အနှိုင်းမဲ့ဖြစ်တဲ့အတွက် သင့်ကို မည်သည့်အရာကမှ အစားထိုးလို့ မရနိုင်ဘူး ဆိုတာကို သတိရပါ။
Zero in on your target and go for it
သင့်ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ။ ပြီးတော့ အဲဒါကိုရအောင် ရောက်အောင် သွားပါ။

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Wednesday, December 9, 2009

တမ်းတမိတဲ့ ဆင်တဲ

ထနောင်းတမာမြေကဆိုပေမယ့် စပါးရွှေဝါတွေမြင်ရင် ကျွန်တော့်ရဲ့ငယ်ဘဝလေးဖြစ်တဲ့ ဆင်တဲမြို့လေးကို အမြဲမြင်ယောင်မိတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ခဏတာပဲရောက်ပြီး သူငယ်ချင်းတွေနဲ့ မဆုံဖြစ်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးကြပါလို့၊
အခုတော့ sinde cafe ၃ လပြည့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သူငယ်ချင်းအားလုံးကို မင်္ဂလာပါလို့ အဆင်သင့်စွာနဲ့ ဒီစင်မြင့်လေးပေါ်ကပဲ အဲ ဒီ blog လေးပေါ်ကပဲ ပဏာမဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ တို့တတွေကြောင်းအမျိုးမျိုးကြောင့် ခွဲခွါခဲ့ရပေမယ့် ဆင်တဲမြေလေးရယ် ပန်းတောင်းတောင်ကုတ်လမ်းမကြီးရယ် မိခင်ကျောင်းတော်ကြီးရယ် မိုးကောင်းဘုရားကြီ နဲ့ သိမ်ကုန်းဘုရားကြီးရယ် တန့်ကြည့်တောင်စေတီ နဲ့ ရွှေဘုံသာစေတီတော်မြတ်ကြီးရယ် ကျောင်းသားဘဝလေးတွေရယ်ကိုတော့ အမြဲအမှတ်ရနေကြမှာပါ။
အထူးသဖြင့် အခြေနေအမျိုးမျိုးကြောင့် ခွဲခွါနေရတဲ့သူငယ်ချင်းတွေ ဆင်တဲမြို့ရဲ့ အငွေ့အသက်ကလေးတွေနဲ့ ပြန်လည်ဆုံဆည်းခွင့်ရအောင် ဆင်တဲမြို့ကိုမရောက်ဘူးပေမယ့် sinde cafe မှတဆင့် မိတ်ဆွေ သူငယ်ချင်းသစ်တွေတိုးပွားပြီး ရောက်လာသူအားလုံးကို ရသပေါင်းစုံပေးစွမ်းနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီ blog လေးကိုစတင်မွေးဖွားခဲ့တဲ့ သူငယ်ချင်းပေါ့ဆိမ့်ကြီးကိုလည်း အထူးလေးစားကျေးဇူးတင်မိပါကြောင်းနဲ့ sinde cafe ၃ လပြည့်မွေးနေ့မှသည် ဆက်လက်၍ အကောင်းအကောင်းများကို ပေးစွမ်းနိုင်ပါစေလို့ ...
ဆုမွန်ကောင်းတောင်းလျှက်
The Light မဂ္ဂဇင်းထဲက ကဗျာတပုဒ်လို
ကလောင်တလက်
စာ တရွက်နဲ့
နှစ်သက်တဲ့ကော်ဖီခါးသာ
အနားမှာရှိရင်လေ .....

Monday, December 7, 2009

Eagle Story

သိမ်းငှက် တစ်ကောင်ဟာ သက်တမ်း အမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီး နေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ် ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကို ချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ် ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက် လာတာမို့ ရင်ဝကို ထိုးစိုက်လို့ လာပါတော့တယ်။ အတောင်တွေ ဟာလည်း လေးလံ လောက်အောင် သားမွှေးတွေ ထူထပ် လာတာကြောင့် ပျံသန်းဖို့ ခက်ခဲ လာပါတယ်။ ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကို နိဂုံးချုပ်လည်း ရတာပါပဲ။ ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက် ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။ ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။ အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ် ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့ လက်သည်းရှည် တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။ တစ်ဖန် လက်သည်း အသစ်တွေ ထွက်လာတဲ့ အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့
Featherတွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။ (၅)လကြာပြီး ချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါး သစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို
နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။


ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင် နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေး အတောင် တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို
အပြစ် ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင် ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိ ခံစားနိုင် ကြမှာပါ။ ဒီဘ၀သစ် တစ်ခု စဖို့အတွက် ခက်ခဲတဲ့ ပြောင်းလဲမှုတွေကို ကိုယ်တိုင် ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition) တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။ နောက်ထပ် သက်တမ်းကြာကြာ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို
လက်ခံပြောင်းလဲနိုင်ရပါမယ်။ အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်း ထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။ လူတိုင်းမှာ ကိုယ်တိုင် မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။ တစ်ကယ် ဒီစိတ်ကို ဆွဲထုတ် အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။ Today is for Tomorrow. Yesterday for Today. ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိ ပြောင်းလဲလာကြောင်း အသိအမှတ် ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။ အဟောင်းထဲမှာပဲ ၀ဲလည် နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။ စိတ်ကို ဖွင့်လိုက်ပါ။ အတိတ်ကို မေ့လိုက်ပါ။ ရင်ထဲမှာ အစိုင်အခဲ မထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲ ၀န်ခံလိုက်စမ်းပါ။ ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့် မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။ သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး "Secrets of the Millionaire Mind" စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ် လိုက်ပါရစေ။
ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်း အပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။


"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."

ဒီစာလေးက ကျွန်မဆီကို Forward Mail ကနေရောက်လာတဲ့ စာပါ၊ ကျွန်မတို့ လူသားတိုင်း စိတ်ခွန်အား တိုးတက်စေချင်တဲ့ ဆန္ဒနဲ့ ဖြန့်ဝေပေးလိုက်တာပါ..ဒါလေးကို ဖတ်မိတော့ ကျွန်မတို့ ငယ်ငယ်တုံးက သင်ခဲ့ရတဲ့ "ထိပ်ဆုံးသို့" ကဗျာလေးကို သွားအမှတ်ရမိတယ်.. အဲဒီ့ကဗျာလေးကို သူငယ်ချင်းတို့ ပြန်အမှတ်ရစေဖို့ ဖော်ပြပေးလိုက်ပါတယ်....


"ထိပ်ဆုံးသို့"
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တစ်တောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိတာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Friday, December 4, 2009

ညီမလေး

ညီမလေးရေ... စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျနိုင်တဲ့ အခြေအနေမှာ လက်တွေ့ ဘ၀ထဲကိုပဲ ပြန်သွားမိတာ ညီမလေး အပြစ်မတင်နဲ့နော်. ညီမလေးနဲ့ ကိုကိုနဲ့က မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ ဘယ်တော့ဆုံမလဲ စောင့်မျှော်ရင်းနဲ့ပဲ ဝေးကွာခဲ့ပြီ.. ဒါပေမဲ့ ကိုကို ကျေနပ်ပါတယ် ညီမလေးရယ် .. ကိုကိုတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မပြတ်နိုင်တဲ့ အချစ်တွေနဲ့ ချစ်ခဲ့ကြတာကိုတော့ ဘယ်တော့မှ မေ့နိုင်မယ် မထင်တော့ပါဘူး.. ကိုကို့စိတ်ထဲမှာ ညီမလေး အမြဲတမ်း ရှိနေတယ်ဆိုတာ ယုံပါ.. ကိုကိုနဲ့ညီမလေး ချစ်ခဲ့ကြတဲ့ ကာလက တိုတောင်းလွန်းလှပေမဲ့. ကိုကို ညီမလေးကို သိပ်ချစ်တယ်ဆိုတာ ညီမလေးယုံပါနော်..တစ်ကယ်တော့ ကိုကိုနဲ့ ညီမလေးက ဆိုင်သူတွေကိုယ်စီရှိနေရဲ့နဲ့ တစ်ယောက်နဲ့တစ်ယောက် အပျောက်မခံနိုင်လောက်အောင် ချစ်မိသွားတာ ယုံနိုင်စရာမရှိဘူးနော်. ကိုကိုတို့ချစ်သူနှစ်ယောက်ကို ဘယ်သူကမှ ချစ်သူတွေလို့ မထင်သလို ဘယ်သူမှမသိဘဲ လူမသိသူမသိ ကွဲကွာသွားကြတာ ၀မ်းနည်းလို့မဆုံးဘူး.. ကိုကိုက ယောက်ျားတစ်ယောက်အနေနဲ့ မျက်ရည်ကျရလောက်အောင် ချစ်ခဲ့မိတာ ညီမလေးတစ်ယောက်ပဲ ရှိတယ်ဆိုတာယုံပါ... ပထမဆုံးအချစ်မဟုတ်ခဲ့ပေမဲ့ အချစ်ဆုံးဖြစ်ခဲ့ပါတယ်.. (၂၁-၁၁-၀၉) မှာ ချစ်သူတွေဖြစ်ပြီး (၄-၁၂-၀၉) မှာ လမ်းခွဲစကားပြောလိုက်ရတာ.. ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ.. မချစ်တော့လို့မဟုတ်ဘဲနဲ့ ချစ်နေရဲ့နဲ့ ဝေးကွာရတာ အဆိုးဆုံးပဲ ညီမလေးရယ်.. ဝေးကွာခြင်းရဲ့နောက်မှာ ဆုံမှတ်တစ်ခုရှိနေသေးတယ်ဆိုရင်လည်း မျှော်လင့်လို့ရနိုင်ရဲ့. အခုတော့ညီမလေးရယ်... ဘယ်လိုပဲ ဝေးကွာပါစေ.. ဘယ်လိုပဲ မတွေ့ရပါစေ.. ညီမလေးကို ကိုကိုအမြဲတမ်းချစ်နေတယ်ဆိုတာတော့ ယုံထားပေးပါညီမလေးရယ်.. ကိုကို .. ညီမလေးကို အရမ်းချစ်တယ်.....



တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Monday, November 16, 2009

ရင်ဘတ်ထဲက ဆူးတချောင်း

သက္ကရာဇ် တခုရဲ့သင်္ကြန်ကျခါနီး ရက်ပိုင်း အလိုမှာ သူ့ကိုမွေးဖွါးခဲ့တယ်။သင်္ကြန်ကျခါနီး ရက်ပိုင်းတွေ ဖြစ်တဲ့အတွက်ပတ်ဝန်းကျင်တခုလုံး စိမ်းဆိုလန်းဆန်း နေတယ်။ ဆင်တဲ (ကစလ)ဆေးခန်းရဲ့ပိတောက်ပင်ကြီး ရှေ့ကအခန်းမှာသူ့ကိုမွေးပြီး(၁၀)ရက်နေခဲ့ဖူးတယ်လို့သူ့အမေက သူကို့ပြောဖူးတယ်။
သာမန်ဝန်ထမ်းမိသားစု တခုကပေါက်ဖွါးကြီးပြင်း ခဲ့တဲ့သူဟာရိုးသားဖြူစင်စွာ နဲ့ပဲ ငယ်ဘ၀တခု လုံးကို ဖြတ်သန်းခဲ့ပါတယ်။ သူတို့ရွာကဆင်တဲနဲ့(၃)မိုင်လောက်ဝေးတဲ့ဧရာဝတီမြစ်နံဘေးက ရွာလေးတရွာပေါ့။ သူတို့ မိသားစုကလွဲလို့ကျန်တဲ့လူတွေက လယ်သမားတွေများပါတယ်။ သူရွာမှာနေရတာအရမ်းပျော်ပါတယ်။ ဘေးအိမ် ကလူတွေရဲ့ စပါးနယ်တဲ့ တလင်းထဲကိုသွားပြီး လှည်းစီးရတာ၊မြစ်ထဲက သဲသောင်စပ်တွေမှာရေကူးရတာအရမ်း ပျော်ဖို့ကောင်းပါတယ်။
တတိယတန်းရောက်တော့ ရွာကျောင်းကနေ အထက(ဆင်တဲ) ကျောင်းကြီးကို ပြောင်းတက်ခဲ့ပါတယ်။ မန်ကျည်းပင်ကြီးအောက်က သစ်မြစ်တွေရယ်၊န၀ဒေး ဆောင်ရှေ့ကမြက်ခင်းတွေရယ်၊ ကျောင်းဆောင်တွေရှေ့ ကကော်ရစ်တာတွေဟာ သူတို့ပြေးလွှားဆော့ကစားခဲ့တဲ့နေရာလေးတွေပေါ့။
ဒီလိုနဲ့နေလာလိုက်တာ သူ အထက (ဆင်တဲ)ကျောင်းတော်ကြီးမှာပျော်ပါတယ်။ သူ့ဘ၀ဟာအဖြူရောင် စာရွက်တရွက်လို ဖြူစင်ခဲ့ပါတယ်။ သူ(၈)တန်းရောက်တော့သူတို့ကျောင်းမှာ computer ဆိုတာကြီးရောက်လာ ပါတယ်။ ဒီ computer ဆိုတာကြီး ကို(၉)တန်းဆောင်ရဲ့ထိပ်ဘက်အစွန်ဆုံးအခန်းမှာ ထားပါတယ်။တနေ့သူတို့ (ဂ)တန်း(A)တခန်းလုံးအတန်း ပိုင်ဆရာမဦးစီးပြီး compute အခန်းကိုလာရတယ်။အဲ့ဒီကျမှ သူ computer ဆိုတာကြီးကိုစမြင်ဖူးတာပါ။ ရွာသားပဲဗျာ။ဘာသိမှာလဲ။
သူတို့အတန်းသူ/သားအားလုံး ကိုယ့်နာမည်လေးတွေကို computer ပေါ်မှာအလှည့်ကျရိုက်ခွင့်ရကြ တယ်။ ကျောင်းက computer ကိုကိုယ်ပိုင်ပစ္စည်းလို့ထင်နေတဲ့ မျက်နှာကြောတင်းတင်းဆရာ နဲ့သူစတွေဖူးတာ ပါပဲ။
ပုထုဇဉ်လူသားမှန်သမျှဟာ အမှားမကင်းဘူး ဆိုတဲ့ ဘုရားဟောတရားတော်ဟာ အရမ်းကိုမှန်ကန်းလွန်း ပါတယ်။ သူတို့ အထက(ဆင်တဲ)ကျောင်းမှာလဲ ပုထုဇဉ် ဖြစ်တဲ့အချို့ ဆရာ/ဆရာမတွေဟာအမှားတွေ ကျူးလွန်ပြီး သူတို့ရဲ့ငယ်ရွယ်နုနယ်သေးတဲ့ နှလုံးသားတွေကို ဒဏ်ရာရစေခဲ့ပါတယ်။ သူမမေ့ပါဘူး။
ဥပမာ ဆရာမ A ရယ်၊ဆရာမB ရယ်၊ ဆရာ C ရယ်ကဘာသာတယောက် တမျိုးစီ ကျူရှင်သင် ကြတယ် ဆိုကြပါစို့။ A ဆီမှာတက်တဲ့သူဟာ B ရယ်၊C ရယ်ဆီမှာလဲတက် ကိုတက်ရမယ်။ D ဆီမှာတက်လို့မရဘူးလို့" ပဲကြီး " ကဆရာမကြီး တယောက်ကသူ့ကိုပြောတယ်။ (၁၀)တန်းရောက်နေတဲ့သူဟာအဲဒီလောက် တော့သိပါပြီ။ သူB နဲ့C ကိုမေးကြည့်တော့အဲဒီကိစ္စ မရှိပါဘူးတဲ့။တကယ်တော့ A ဟာ B နဲ့ C ရဲ့နာမည်ကောင်း ရခြင်း ကိုအမှီကောင်းပြုပြီး လုပ်စားတော့မယ်ဆိုတာ ထင်ရှားမနေဘူးလား?။
ကျောင်းက computer ကိုကိုယ်ပိုင်ပစ္စည်း လိုထင်တဲ့ မျက်နှာကြောတင်းတင်း နဲ့ဆရာဟာ သူ(၁၀) တန်း နှစ်မှာ သင်ပါတယ်။ သင်ကြား ပြသရာမှာ တော့ကောင်းတယ်လို့ပြောကြတာပါပဲ။ သူက ဒီ ဆရာဆီမှာ ကျူရှင်မတက်ဘူး။ သူလိုပဲ သူ့ သူငယ်အရင်းအချို့တို့လည်းအတူတူပဲ။ အသင်အပြ နာမည် ကောင်းရတဲ့ ဒီ သင်္ချာ ဆရာဟာ လက်သံကလည်း အတော်ပြောင်လှပါတယ်။မနေ့ကပဲ (B)ခန်းထဲက အိန္ဒြာကျော်ဇင် လို့ သူတို့နာမည်ပြောင်ပေးထားတဲ့ဖြူဖြူပိန်ပိန် ကောင်မလေးရဲ့ပါး ကို ဘယ်ပြန်/ညာပြန် ဂျပန် လိုရိုက်တယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။(၁၀)တန်းဆိုတော့ အပျိုဖြစ်ပြီ။ ကောင်မလေးတော့ရှက်မှာပဲလို့ တွေးပြီး ကောင်မလေးကို သူသနားသွားတယ်။ ဘယ်လိုပြစ်မှုမျိုး ကို ကျူးလွန်မိ လို့ဒီကောင်မလေးကိုဒီလောက် ဆုံးမရတာလဲလို့စုံစမ်းကြည့်တော့ ဒီဆရာ စာသင်နေချိန်မှာ တခြားဘာသာတွဲက စာကိုကူးနေလို့ပါတဲ့။ သြော်..အတော် ကြီးတဲ့ပြစ်မှုကြီးပါလား!
အဲဒါဆို သူတို့ (A)ခန်းထဲမှာ ရော ဒီလိုကိစ္စမျိုးတွေမရှိဘူးလား။ နေ့တိုင်းကိုရှိပါတယ်။ ဒုတိယ အတန်း ကကောင်မလေး တွေ ဒီဆရာ ရူပဗေဒသင်နေချိန်မှာ Bio တွေ ကူးရေးနေတာသူတွေ့တယ်။ သူလဲ ဒီကောင် မလေးတွေ အတွက်အရမ်း စိုးရိမ်သွားတယ်။ တဖြည်းဖြည်းနဲ့ ဒီဆရာလျှောက်လာတာ ဒုတိယတန်းနား ကို ရောက်လာပြီ။ ဒီဆရာ စကားအချို့ပြောတယ်။ ကောင်မလေးတွေက လဲ ရီရီ မောမောနဲ့စကားပြန်ပြောတယ်။ ဟင်..ဘာမှလဲမဖြစ်ပါလား? သူအတော်အံ့သြသွားတယ်။ (သြော်.. ဒီကောင်မလေးတွေက ဒီဆရာဆီမှာ ကျူရှင်တက်တာကိုး..)
နောက်တပတ် မှာတော့ ကံကြမ္မာက သူနဲ့သူ့ သူငယ်ချင်းပေါ့ဆိမ့် တို့ အလှည့် ဆိုပါတော့။ ဒီဆရာဟာ အတန်းထဲ ကို သူ့ထက်နောက်ကျပြီးမှ ၀င်လို့မရပါဘူး။ အဲဒီနေ့ကဒီဆရာ အချိန်မရောက်ခင် သူအိမ်သာ သွားတယ်။ သူအတန်းထဲ ကိုပြန်လာတော့ ဒီဆရာ ကျောက်သင်ပုန်းပေါ်ကမြေဖြူတွေ ကိုဖျက်နေပြီ။ သူလည်း " ဆရာ့ ၀င်ခွင်ပြုပါ" လို့ပြောပြီး (၁၀)တန်း(A)ရဲ့ ရှေ့ အပေါက်ကနေ ၀င်ခဲ့တယ်။ သူ့နေရာမှာ သူထိုင်တယ်။ စာအုပ်တွေထုတ်တယ်။ ဒီဆရာ သင်ကြားသမျှကို နာယူမှတ်သား ဖို့သူအဆင်သင့် ဖြစ်နေပါပြီ။မြေဖြူတွေ ဖျက်ပြီးသွားတဲ့ ဒီဆရာဟာအတန်းဘက်ကို မျက်နှာလှည့်လိုက်ပါတယ်။ ပြီးတော့ " ကဲ ခုနက ၀င်ခွင့်ပြုပါဆရာ ဆိုတဲ့ကောင်ထပြီးမတ်တပ်ရပ်ပါဦး"တဲ။့ သူ မတ် တပ်ရပ်လိုက်တယ်။ ဒီဆရာ သူ့အနားကိုတိုးလားပြီး ခက်ထန် တဲ့မျက်နှာထားနဲ့ သူ့ကိုစူးစူးရဲရဲ ကြည့် ရင်း" ခင်ဗျား ကိုဘယ်သူဝင်ခိုင်းလို့လဲ" ဆိုပြီး သူ့ကိုမေးတယ်။ ပြီးတော့သူ့ ကို "မင်း ဘာကောင်လဲတဲ့" ။ သူအရမ်းထူပူ သွားတယ်။ သူဘာပြစ်မှုကြီးများ ကျူးလွန်မိလိုက် လို့ပါလဲ ဆိုပြီးစဉ်း စားတယ်။ ရှက်ရွံ့ ကြောက်လှန့်စွာနဲ့ ဒီနေ့တော့ " ငါ ပါးရိုက်ခံရ တော့မဲ့နေ့ပါလား" လိုလဲ တွေးမိလာတယ်။ သူဒီဆရာ ကိုပြန်ပြောလိုက်တဲ့စကား က " ကျနော် ကျောင်းသားပါ " လို့။
ဒီအချိန်မှာပဲ ထူးဆန်းတိုက်ဆိုင်စွာနဲ့" ဆရာ့ ၀င်ခွင်ပြုပါ"ဆိုတဲ့အသံ နဲ့ ကောင်မလေး(၃)ယောက်အ ခန်းအပြင်ကလှမ်းပြောတယ်။ ဒီဆရာ မျက်နှာထားပြောင်းသွားတယ်။" ဟာ့ .၀င်ပါဗျား" ဆိုတဲ့ အသံနဲ့မျက်နှာထားကို သူခုထိမမေ့ဘူး။ ဒါနဲ့သူလည်း ပြဿနာရှာခံရခြင်းဘေး ကကင်းလွတ်ပြီး စာဆက်သင်ခွင့်ရတယ်။( သြော်..သူတို့တွေလည်း ဒီဆရာဆီမှာ ကျူရှင်တက်ကြတာ ကိုး)။
နောက်(၂)ရက်လောက်အကြာမှာ သူ့သူငယ်ချင်း"ပေါ့ဆိမ့်" ပြဿနာရှာခံရတဲ့နေ့ပဲ။ ပုံနှိပ်စာအုပ်တစ်အုပ် ကို သူနဲ့ပေါ့ဆိမ့်(၂)ယောက်ပေါင်းပြီး ကြည့်နေတဲ့အချိန်မှာ ဒီဆရာ အနားကို ရောက်လာတယ်။ ပုံနှိပ်စာအုပ် ဘာဖြစ်လို့ပါမလာတာလဲဆိုပြီး "ပေါ့ဆိမ့်" ကို ပြဿနာရှာတော့တာပါပဲ။ အဲဒီနေ့က "ပေါ့ဆိမ့်" တော်တော်ကျွေးခံ လိုက်ရတယ်။ သူ့ရင်ထဲ တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ပုံနှိပ်စာအုပ် ပါမလာတဲ့ တခြား သူတွေလည်း အများကြီး ရှိ ပါတယ်။ သူ့တို့လို (၂)ယောက်(၁)အုပ်၊(၃)ယောက်(၁)အုပ်ပေါင်းကြည့်နေ တဲ့ တခြားကျောင်းသာတွေကို ဒီဆရာမမြင်ဘူုးလား?(သူအရမ်းအံ့သြ ရပြန်ပါတယ်)။
သူငယ်စဉ်ကတည်း က ပျော်ရွှင်စွာတက်ခဲ့တဲ့ အထက(ဆင်တဲ) ကျောင်းကြီးဟာခုတော့သူ့အတွက် ပျော်စရာ မကောင်းတော့ပါဘူး။ သူ့တို့လိုပဲဒီဆရာရဲ့ ပြဿနာရှာခြင်းကို ခံရတဲ့သူတွေ အထက(ဆင်တဲ)ကျောင်း ကြီးမှာဒုနဲ့ဒေးပါ။ ဒီဘလောဂ်လေး ကိုဖတ်မိတဲ့ တယောက်ယောက်ကပြန်ပြောပြီးဒီဆရာကို ဒါတွေသိစေ ချင်တယ်။ ဖြူစင်တဲ့ သူ့တို့ ငယ်ဘ၀ နှလုံးသားတွေကို ဒဏ်ရာရရှိ စေခဲ့သူ...။ ဒီဆရာဆီမှာကျူရှင်မတက် ပဲ အတန်းထဲမှာ စွာတဲ့လူမျိုးဆို နှိပ်ကွပ်ပစ်တတ်တာ ဒီဆရာရဲ့အကျင့်ပါ။ ပညာရေးမှူးရုံးမှာလဲ အတိုင်ခံရလို့ပြုတ်တော့မလို ဖြစ်သွားပါသေးတယ်။ ပါးရိုက်ခံရတဲ့ကောင်လေးတစ်ယောက်(ခုသင်္ဘောသား ဖြစ်နေပါပြီ)ရဲ့မိဘတွေကို ဒီဆရာရဲ့မိန်းမ ကအိမ်မှာ လိုက်တောင်းပန်ရတယ်။ အထက (ဆင်တဲ)ကျောင်းတော် ကြီးရဲ့တကယ့်အဖြစ်အပျက်တွေပါ..။
ဒီဆရာ ဆီမှာ ကျူရှင်တက်တဲ့ တချို့ကောင်တွေဆိုကျောင်းက computer ကို ကိုယ့်ပစ္စည်းလို ကိုင်ဖို့အခွင့်အရေးတွေ ရရှိခဲ့ကြပါတယ်။ သူ့ထက်အတန်းကြီး သူတွေပါ။" ဆရာ့ .ကွမ်း" ဆို ပြီးပေးတဲ့ကောင် တွေဆို ဒီဆရာ သိပ်သဘောကျတာပေါ့။
သူဘယ်ညံ့လိမ့်မလဲ။ ဒီဘလော့ဂ် လေးကိုရေးဖို့ဒီဆရာ ရဲ့နောက်ကြောင်း ကိုစုံစမ်းကြည့်တော့ ဒီဆရာ ဟာ ဆင်တဲသား မဟုတ်ဘူးတဲ့၊ အထက်အညာက ဆိုတာသိလာရတယ်။ သမ၀ါယမ မော်တော်တွေ ခေတ် မှာဆင်တဲ ကိုရောက်လာပြီးမော်တော်ဆိပ်မှာ ဆံပင်ရှည်ရှည် ၊သနပ်ခါးပါးကွက်ကြားနဲ့ကုန်ထမ်းဖူးခဲ့ပါတယ်။ ဒီဆရာရဲ့ဆင်တဲစရောက်ခြင်းသမိုင်းအစပါ။ နောက်ဆင်တဲသူ(သူတို့ဆရာမ)နဲ့ အိမ်ထောင်ကျပါတယ်။ ဒီ post လေးကို ရေးမိတဲ့အတွက် သင်္ချာ(၁)သင်ဖူးတဲ့ ဆရာမ (ဒီဆရာရဲ့ အမျိုးသမီး)ကိုတော့တောင်းပန်ပါတယ်။
ရက်လနှစ်တွေအတော်ကြာပေမယ့် ငယ်ငယ်တုန်းက နှလုံးသားမှာစူးခဲ့တဲ့၊ယနေ့ ထိ မနှုတ်ရသေး တဲ့ဆူး တချောင်းကတော့ရှိ နေခဲ့ပါတယ်။အရင်တုန်းကများ respect ဆိုတာ ရှိခဲ့မယ်ဆိုရင် ခုချိန်မှာlove ဖြစ်နေမှာပါ။ အခုတော့ fear ဖြစ်ခဲ့ ရလို့ ဒီ အချိန်မှာ hated တွေ ဖြစ်သွားခဲ့ပါပြီ။ သူ့ကျူရှင် မှာ မတက်လို့ ကျောင်းက အတန်းထဲ မှာ နှိပ်ကွပ်ခဲ့ တဲ့ ဒီဆရာ ရဲ့အကြောင်းတွေကိုသူကြားနေ ရတယ်။ ဇနီးသည်က လည်း ဆုံး၊ သားသမီးတွေကလည်း မလိမ္မာကြဘူးတဲ့။ သူစိတ် မကောင်းပါဘူး။
အထက(ဆင်တဲ)ကျောင်းတော်ကြီးမှာ တကယ့်ကိုဘုရားနဲ့ တဂိုဏ်းတည်းထားပြီး ကိုးကွယ်ရမဲ့ စေတနာရှင်၊ မေတ္တာရှင်၊ ဂရုဏာရှင် ဆရာ/ဆရာမကြီးတွေ လည်း မြောက်မြားစွာ ရှိပါသေးတယ်။ ပုထုဇဉ် လူသားမှန်သမျှဟာ အမှား မကင်းဘူး ဆိုတဲ့ ဘုရားဟော တရားတော်ဟာအရမ်း ကိုမှန်ကန်လွန်းလှပါတယ်။ သူကိုယ်တိုင်ဟာလည်း...


ရင်ထဲကအရာအချို့ ပါ။ တရားလက်လွတ် ခံစားမိလို့ရေး လိုက်တာ ... စင်္ကာပူကထုတ်တဲ့ရွှေမြန်မာ မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ဒေါက်တာခင်မောင်လတ်ရေးတဲ့ " တော်တော် ဂွကျတဲ့လူ" ဆောင်းပါးများဟာ ဒီအကြောင်း အရာတွေ ကို ဘလော့ဂ်မှာ ဖွင့်ချဖို့ တွန်းအားတွေဖြစ်စေခဲ့ပါတယ်။

ရေးနွေးကြမ်း(ဆင်တဲ ကဖေး)

Tuesday, November 3, 2009

ဆင်တဲမှဆောင်းည

ခပ်စိမ့်စိမ့် လေအဝှေ့လေးတွေနဲ့ ဆောင်းဆိုတဲ့ အရသာ သူ့မှာရှိတယ်။ မြေနီလမ်းလေးတွေရဲ့ တစ်ဖက်တစ်ချက်က အိမ်ပုပုလေးတွေထဲမှာ ညအခါ စောင်တွေကိုခြုံပြီး မီးတွေလှူံနေကြတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘ၀တွေ.... ဆောင်းရဲ့ အေးမြမှူ့တွေကို အံတုပြီး မြေနီလမ်းလေးတွေပေါ်မှာ လမ်းလျှောက် ထွက်တဲ့အခါ စံပယ်၊ ယုဇနနဲ့ ညမွှေးပန်း ရနံလေးတွေက မွှေးပျံ့ နေတတ်သလို ဟိုဟိုဒီဒီက စာကျက်သံလေးတွေကိုလဲ ကြားရရဲ့ ဒီအချိန်ဆို ကိုလူပျိုတစ်သိုက် လမ်းမီးတိုင် နဘေးနားက တီးဝိုင်းလေးတွေနဲ့ ရေဒီယိုကမာရွတ် နေကြပြီလေ။ တစ်ချို့ချို့ကိုတော့ သူပိုင်ဆိုင်တဲ့ သူ့သတို့သမီးရဲ့ အလှကို လဖ္ဘက်ရေဆိုင်နဲ့ အကြော်ဆိုင်တန်းလေးက သူ့ရဲ့သတို့သမီး ဧရာဝတီဆိုပြီး မိတ်ဆက် ပေးတတ်ပါတယ်။ ကျွန်တော်တို့တွေ အရွယ်ရောက်လို့ သူ့ဆီကစွန့်ခွာပြီး အဝေးမှာ နေရပေမယ့် သတိရလို့ ဆောင်းညတွေမှာ သူ့ဆီကိုပြန်လျှင် အေးမြမှူ့တွေ၊ ခန့်ညားတဲ့ အပြုံးတွေနဲ့ သူနဲ့သူ့သတို့သမီး ဧရာဝတီက အမြဲဆီးကြိုလို့ နေပါတယ်။ ဒါတွေက သူပိုင်ဆိုင်တဲ့ သူ့ရဲ့ ကိုယ်ပိုင် ဆောင်းညတွေပဲပေါ့။

Wednesday, October 14, 2009

အလွမ်းများ

ဆင်တဲကနေဝေးကွာခဲ့တာ နှစ်ကာလအားဖြင့် (၁၆)နှစ်လောက်ရှိတော့မယ်.. ဘယ်တော့မှလည်း မမေ့နိုင်ခဲ့ပါဘူး.. နောင်လည်း မေ့နိုင်မယ်မထင်တဲ့ နေရာလေးပါ... `ဖေဖေ´ ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် လွမ်းတဲ့စိတ်ကလည်း ထိန်းလို့မရနိုင်ခဲ့ပါဘူး.. ငယ်ငယ်က ကြောက်ခဲ့ရတဲ့.. Gust Houst နားလေးက ဥရှစ်ပင်ကြီးရယ်... အိမ် ခြေရင်းမှာရှိတဲ့ သစ်ပင်ကြီးရယ်.. ရှစ်ထောင်တန်လိုင်းဘက်ကိုသွားတဲ့ ကုန်းမြင့်ကြီးရယ်... သိမ်ကုန်းဘုရားသွားတဲ့ လမ်းမြှောင်လေးရယ်... အခုထက်ထိ အိမ်မက်ထဲမှာ လာခြောက်လှန့်နေတုံးပဲ.... ဘယ်တော့မှ မမေ့နိုင်တဲ့ သိမ်ကုန်းဘုရားမှာ လုပ်တဲ့ အလှူပွဲတွေရယ်... စာသင်ခဲ့ရတဲ့ အထက၊ဆင်တဲ ကျောင်းတော်ကြီးရယ်... စက်ဘီးလျှောက်စီးခဲ့တဲ့ ကွန်ကရစ်လမ်းတွေရယ်... တပ်မတော်နေ့နီးရင် ပစ်ဖောက်ခဲ့တဲ့ မီးရှူးမီးပန်းတွေရယ်(အခုထိ အဲလောက်လှတဲ့မီးပန်းတွေ မတွေ့တော့ဘူး)...ရွာသစ်လမ်းတွေရယ်.. ဗွီဒီယိုရုံတွေရယ်... သူငယ်ချင်းတွေရယ်.. ဆရာ၊ ဆရာမတွေရယ်.. မမေ့နိုင်စရာ အလွမ်းတွေနဲ့ အခုထိ ဆင်တဲကို လွမ်းဆွတ်တမ်းတနေတုံးပါပဲ.. ... ဟိုးအရင်က နေရာလေးတွေကို သတိရနေတုံးပဲ....အခုနေ ရောက်ခဲ့ရင် မှတ်မိနိုင်ပါတော့မလား... ပြောင်းလဲနေပြီဆိုရင်လေ... ဘယ်အချိန် ဘယ်ကာလမှာ ပြန်ရောက်မယ်မသိပေမဲ့ .......


တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Saturday, September 19, 2009

ဆင်တဲ ပုံပြင်လေးပါ..

တကယ်လို့ မျဉ်းပြိုင် နှစ်ကြောင်းဟာ ဘယ်တော့မှ ပြန် မဆုံ နိုင်ဘူး ဆိုရင် တော့ သူတို့နဲ့ဘယ်တော့မှ ပြန်ဆုံ နိုင်တော့မယ်မထင်ပါဘူး။ ကျ နော် သူ့ကို မှတ် မိတဲ့အရွယ် မှာသူ ဟာ အလှပဆုံး အရွယ်ကိုရောက် နေပြီပေါ့။ သူရဲ့ ရင် ခွင်ထဲမှာ ကျ နော် တို့ ရဲ့ ငယ်ဘ၀ ကို ပျော် ရွှင်စွာဖြတ်သန်း ခဲ့ဘူးပါတယ်။
ကျ နော် တို့ရင်ခုန်တတ်တဲ့ အရွယ် မှာ တော့ သူဟာ ရင့် ကျတ်စပြုနေပါပြီ ။ တချို့ ကသူတို့ အကျိုး စီးပွါး အ တွက်သူ့ကို အသုံးချခဲ့ဘူး တယ်။ အသုံးမ၀င် တော့ တဲ့ အချိန်မှာ တော့ သူ့ကိုထား ရစ်ခဲ့ကြတယ်။ သူအဖြစ်က ကြေကွဲ စရာ ကောင်းပါတယ်။ဒါ ပေမဲ့ သူဟာရင့် ကျတ်တဲ့ အလှနဲ့ တည်ငြိမ်စွာရှင်သန်းခဲ့ပါတယ်။
ညဘက် လက်ဖက်ရည် ဆိုင် ထိုင်ပြီး တဘက်ကမ်း ရန်ကုန်-ပြည်ကားလမ်း ပေါ်မှာ သွားနေတဲ့ ကားမီး ရောင် တွေ ကို ငေးရင်းမ ရေရာ တဲ့ဘ၀ အကြောင်းတွေ ကိုသူငယ်ချင်တွေနဲ့ ဆွေး နွေး ခဲ့ဘူး ပါတယ်။ ကျူရှင်ကအ ဆင်း ကမ်းနားက အကြော် ဆိုင်မှာ သူငယ် ချင်း တွေ နဲ့ အကြော် ပူပူ တွေကို လုစားခဲ့ဖူးပါတယ်။ဆောင်းတွင်းဘက်မှာ ပွင့် တဲ့ ပေါက်ပွင့် နီ ရဲရဲ တွေရယ်.တခါတလေ တိုက် တတ် တဲ့မြောက်ပြန်လေ အေးတွေနဲ့ အတူစာမေး ပွဲ ဖြေခါ နီး မှာ ဘယ် ကို မှန်း မသိ လွမ်းခဲ့ ဖူး ပါတယ်။တချို့ကသူရဲ့ရင်ခွင်ထဲမှာအမြဲ နေကြပြီး တော့ တချို့ ကတော့ဧည့်သည် တွေပါ.သူဟာသူ့ရဲ့ရင်ခွင်မှာလာပြီးနားခိုတဲ့ ...ဘယ် သူကို မဆိုအမြဲ နွေးထွေးစွာထွေး ပိုက် ခဲ့ပါတယ်။
သူ့ဟာ ချစ်သူ ကထားရစ်ခဲ့ခြင်း ကို ခံ ခဲ့ ရတဲ့ အထီးကျန် သမား တစ် ယောက် လည်း ဖြစ်တယ်။တချိန် ကတော့ သူ့ ရဲ့ ချစ်သူ က သူ့ ကို အရမ်း ချစ် ပါ တယ် တဲ့။ လမ်း ခွဲ ဖို့အကြောင်း မပြော ကြေး ပါ တဲ့။ခု တော့ လမ်းမခွဲ ပဲ နဲ့ လမ်း သစ် ထွင် ပြီးလျှောက် သွား တဲ့ သူ့ရဲ့ တချိန် ကပန်း တောင်း-တောင်ကုတ် မဟာဗျူဟာလမ်းမကြီး ကတော့ ကားကြီးကား ငယ် အသွယ် သွယ် နဲ့သူ့ ကို မေ့ နေ လောက် ပြီ ပေါ့။ဒါ ပေမဲ့ သူ... ရင့် ကျတ် တဲ့ အလှ နဲ့ တည် ငြိမ်စွာ ဆက် လက်ရှင်သန်ခဲ့ ပါ တယ်။
ကျနော် သူ့ ကို ချစ်တယ်။ ငယ် ဘ၀ အကြောင်း တွေ စဉ်းစားရင်(ဒါမှမဟုတ်)ငယ်သူငယ်ချင်း တွေ နဲ့ တွေ့ရင် သူ့ ကို ပို ပြီးသတိရ တတ်ပါတယ်။ ကျနော် တို့ မမွေး ခင် က ဆို ရင် သူ ဟာ ခု ထက် ပို ပြီး ဖြူ စင် ခဲ့ ပါ တယ်။ သူ့ကိုဘယ်သူ မှအရောင် မဆိုး ခဲ့ပါဘူး။ လူတစ်စု သူရဲ့ရင်ခွင် ထဲကို စရောက် လာ ပြီကတည်းက သူ အရောင် တွေ ပြောင်း ခဲ့တယ်..ဖြူစင်တဲ့ သူ့ဘ၀ထဲကို သူ့တို့ ရောက် လာပြီး နောက် ပိုင်း သူစိတ် တွေ မနည်း ငယ်ခက်ထန် ခဲ့ဖူးတယ်။
ဘယ်ကို ပဲ ရောက် ရောက် သူ့ကို မမေ့နိုင် ခဲ့ လို့သူ့ နာမည် နဲ့ 0nline မှာ blog လေး တခုကိုသူငယ် ချင်း တွေနဲ့စုပြီးတင်ထားဖြစ်ခဲ့ပါတယ်။သူငယ်ချင်း တို့ ရေ.....ဒီ နာမည် လေး ကို တော့အား လုံး မမေ့ ကြေး နော်.

ရေးသားတင်ဆက်သူ... ရေနွေးကြမ်း