Sunday, December 27, 2009
ဆရာတော်ဦးဇောတိက - ခွင့်လွှတ်ခြင်း တရားတော်
ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေတယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်...
Disappointment - ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ...
Rejection - ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ...
Abandonment - စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ...
Ridicule - လှောင်တာ၊ ပြောင်တာ၊ သရော်တာ...
Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ...
Betrayal - သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ...
Deception - လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ...
Physical Abuse - ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ...
Emotional Abuse ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။...
ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။
ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။
You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ့ ပါတယ်။
အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။
ကိုလုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။
ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်...(ဆရာတော်ဦးဇောတိက)
ဒေါင်းရန် ။ ။
MultiUpload
MediaFire
Monday, November 2, 2009
ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၂)
အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု
ပစ္စုပ္ပန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကို ငါကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ
ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ ဆိုတာ ငါသိတယ်။
ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။
အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။
၂။ ငါဟာ ငါရဲ့ အကောင်ဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ
မထားတက်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို
ငါသိလို့ စိတ်ထားတက်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာ
နိုင်တယ်။
၃။ ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်း
သာမယ်။ ဘာလုပ်ရင်စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ ပေါင်းရင် စိတ်ချမ်းသာ
မယ်ဆိုတာကို အမြဲလေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။
အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။
၎။ ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲ
ချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူး ဆိုရင် စိတ်ချမ်းသာတယ်။
၅။ ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲ့ဒါ သိပ်အရေး
ကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်စိတ်ဝင်စားတာ၊
ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။
ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။
၆။ ငွေဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်
ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကိုချစ်လို့ လုပ်တယ်။
၇။ ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကို
ငါချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။
ငါစိတ်မချမ်းသာရင် အဲဒါဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါတာဝန်ပဲ။
၈။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်
စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစာမှုအတွက် ငါမှာပဲ တာဝန်ရှိတယ်။
ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့
သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင်လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင်
မလုပ်ကြနဲ့ လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင် နေတက်သူတွေမှာရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတက်တဲ့သူဟာ.....
- သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
- အသိဥာဏ် တောက်ပြောင်တယ်။
- ရွှင်လန်းတယ်။
- ပင်ကိုယ်ဥာဏ်ရှိတယ်။
- ကိုယ့်ကိုကိုယ် ကိုယ်ယုံကြည်မှုရှိတယ်။
- မိမိကိုယ်ကိုထိန်းသိမ်းနိုင်တယ်။
အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
- စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
- ခွင့်လွှတ်နိုင်တယ်။
- ခင်ခင်မင်မင် ဆက်ဆံတက်တယ်။
- ကျေးဇူးသိတယ်။ တန်ဖိုးထားတက်တယ်။ အသိအမှတ်ပြုတယ်။
- ကြည်လင်ရွှင်လန်းတယ်။
- ကြင်နာတက်တယ်။ ညှာတာတက်တယ်။
- စိတ်ဓာတ်ကြံ့ခိုင်တယ်။
- အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်
- စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
- စိတ်စွမ်းအားကြီးတယ်။
- အလုပ်များများလုပ်နိုင်တယ်။
- ဥာဏ်ပညာရှိတယ်။
ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့
သူဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တယ်။ အခက်အခဲကို
ရင်ဆိုင် ဖြေရှင်းရတာကို သဘောကျတယ်။ ။
Thursday, October 22, 2009
ဆရာတော် ဦးဇောတိက - အောင်မြင်သောဘဝ တရားတော်

လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။ များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ " သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် " လို့ ထင်နေကြတယ်။ ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။
If I devalue you, I devalue myself.
သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။
သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင် ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။
အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။ သတိ သမာဓိ ဉာဏ်ပညာမရှိတဲ့သူတွေကတော့ ဒေါသနဲ့ ဆက်ဆံမယ်၊ မာနနဲ့ ဆက်ဆံမယ်၊ က္ကုသာမစ္ဆရိယနဲ့ ဆက်ဆံမယ်၊ လောဘနဲ့ ဆက်ဆံမယ်၊ အဲဒီလို လောဘ၊ ဒေါသ၊ မာန၊ က္ကုသာမစ္ဆရိယ အားကြီးနေလို့ ကိုယ့်ကိုကိုယ် ထိခိုက်နေတာတောင်မှ မသိတော့ဘူး။ ဒါကြောင့် လောကကြီးကို ကောင်းစေချင်တယ် ဆိုရင် သတိနဲ့နေတဲ့လေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုကိုယ်ကို အများကြီးသိလာလိမ့်မယ်။ ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးရော မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမားဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
When you are peaceful, happy, joious and doing what you love to do, you are successful.
သင်ဟာ ငြိမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်ရွှင်လန်းနေတယ်၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။
ဘယ်လိုလူကို အောင်မြင်တဲ့လူလို့ ပြောမလဲ။ ပိုက်ဆံချမ်းသာတဲ့လူလား၊ ရာထူးတွေအကြီးကြီး ရနေတဲ့လူလား။ ဒါတွေ မဟုတ်ဘူး။ ငြိမ်းတဲ့လူ၊ ပျော်ရွှင်တဲ့လူ၊ ကြည်လင်ရွှင်လန်းတဲ့လူ၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတဲ့လူဟာ ဘဝမှာ အောင်မြင်တဲ့လူဖြစ်တယ်။
There is no true success without peace of mind.
စိတ်အေးချမ်းမှု မရှိဘဲနဲ့ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ မရှိပါဘူး။
ကိုယ့်ရဲ့အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ စိတ်ထဲမှာ အေးချမ်းမှုရမှ ကိုယ့်ဘဝဟာ အောင်မြင်မှုရတာပါ။ အေးချမ်းမှုဆိုတာ ဘာလဲ။ ရိုးသားမှုမရှိဘဲနဲ့ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။ ရိုးသားမှ အထိုက်လျှောက် အေးချမ်းတယ်။ တည်ငြိမ်မှုမရှိဘဲနဲ့ တကယ်အေးချမ်းမှု အစစ်အမှန်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဝကို အေးအေးချမ်းချမ်း နေသွားမှာလား။ အပြစ်တွေ၊ နောင်တတွေ၊ ပူပန်မှုတွေ၊ ကိုယ် မရိုးသားတာတွေ၊ ကိုယ်မရိုးသားမှန်းကို သူများသိနေတာကို မရမကဖုံးပြီးတော့ ပူလောင်နေတဲ့စိတ်ကြီးနဲ့ နေသွားမှာလား။
A successful man possesses a great spiritual understanding.
အောင်မြင်တဲ့သူမှာ ကြီးမားတဲ့၊ လေးနက်တဲ့ အသိဉာဏ်ရှိတယ်။
လေးနက်တဲ့၊ မြင့်မြတ်တဲံ့၊ မှန်ကန်တဲ့အသိဉာဏ် ရှိမှသာ အဲဒီလူကိုဘဝမှာ ကြီးကျယ်မြင့်မြတ်တဲ့သူလို့ ပြောလို့ရတယ်။ တကယ်အောင်မြင်တဲ့သူဟာ သူမှာ တကယ်လေးနက်တဲ့၊ မြင့်မြတ်တဲံ့အသိဉာဏ် ရှိတယ်၊ စိတ်ထားရှိတယ်။
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ MultiUpload
Tuesday, October 20, 2009
ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၁)
အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်
တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား
လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေး
တွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်နိုင်တဲ့ အကူအညီ ပေး
နိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘဝ
မှာ အရေးပါဆုံးဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သ
ဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ်စိတ်အားတက်မလဲ။
(၂) ငါဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်
ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေ
လို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့၊ စိတ်ဆင်း
ရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။
(၃) ဒီနေ့ဟာ အရေးကြီးဆုံးနေ့ပဲ ဒီနေ့ ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့
ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ဒါ
ကြောင့် ဒီနေ့တန်ဖိုးရှိတာလုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။
စိတ်ချမ်းသာအောင်နေမယ်။ မွေးနေ့မှာ Happy Birthday ပျော်ရွှင်စရာမွေးနေ့
လို့ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်းအဲဒီလို ပျော်လို့မဖြစ်ဘူး
လား။ မဖြစ်နိုင်စရာ အကြောင်း ဘာရှိလဲ။ နေ့တိုင်းမွေးနေ့လို့ သဘောထားမယ်။
(၄) ဒီနေ့ လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံး သဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့ တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘဝ
ကို ရုန်းကန်ပြီး နေသွားကြတယ်။
(၅) ကိုယ်တက်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့
လုပ်မယ်။ မတက်နိုင်တာကို မတက်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတက်နိုင်
တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။
(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ ဘ၀မှာ
တစ်ဦးကို တစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံးအဆင်ပြေမယ်။ ငါကလည်း ဘယ်
သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူဆီကမှလည်း အကူအညီ မယူဘူးဆိုပြီး နေလို့
မဖြစ်ဘူး။
(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ်မတင်ဘူး။ သူတို့မခင်တာဟာ ငါ့အတွက်
စိတ်ဆိုးစရာ မဟုတ်ဘူး။
(၈) "အပ္ပမာဒေန သမ္ဓ္မဒေထ"လို့ ဘုရားနေ့တိုင်း ဟောကြားသတိပေးတာကို မမေ့ဘူး။
အရေးကြီးဆုံး သတိပေးဟောကြား မှာထားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။ နေရာမ
ရွေး အချိန်မရွေး သတိနဲ့နေမယ်။ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်။
သူငယ်ချင်းတို့ လည်း ဒါတွေကို ဖတ်ရှုလေ့လာပြီး စိတ်ချမ်းသာကြပါစေ....
Monday, October 5, 2009
ဆရာတော် ဦးဇောတိက - A Map Of The Journey တရားတော်

တရားတော်ကို mp3 အဖြစ် နာယူနိုင်ဖို့ ဒေါင်းရန် ။ ။
A Map Of The Journey - Part 01
A Map Of The Journey - Part 02
A Map Of The Journey - Part 03
A Map Of The Journey - Part 04
A Map Of The Journey - Part 05
A Map Of The Journey - Part 06
A Map Of The Journey - Part 07
A Map Of The Journey - Part 08
A Map Of The Journey - Part 09
A Map Of The Journey - Part 10
A Map Of The Journey - Part 11
Saturday, October 3, 2009
ဆရာတော် ဦးဇောတိက - သမုဒ္ဒယကြောင့်ဒုက္ခဖြစ်တယ် တရားတော်
...ကိုယ့်စိတ်ကိုယ်ကို ဆုံးမဖို့ လိုတယ်။ ကိုယ့်စိတ်ကိုယ်ကို ဆုံးမချင်ရင် ကိုယ့်စိတ်ကိုယ်ကို သိဖို့လိုတယ်။ စိတ်ဆိုတာ ကြမ်းတမ်းတာကနေ စပြီးသိဖို့လိုတယ်။ အင်မတန်ကြမ်းတမ်းတဲ့ လောဘစိတ်၊ ဒေါသစိတ် ဒီလိုကနေ စသိလိုက်ဖို့။ ကြမ်းတမ်းတဲ့စိတ် မရှိတဲ့အခါမှာ သိမ်မွေ့တဲ့စိတ်ကို ပြန်ကြည့်တဲ့အခါ နည်းနည်းတော့ခက်တယ်။ နည်းနည်းတော့ ခက်နေလို့ရှိရင် အဲဒီအခါမှာ စိတ်ကိုမသိနိုင်ရင် ခန္စာကိုမှာရှိနေတဲ့ sense တစ်ခုခု လှုပ်ရှားမှု့သဘောလေးတွေ၊ တုန်ခါမှု့သဘောလေးတွေ၊ ပူမှု့အေးမှု့သဘောလေးတွေ၊ ဝေဒနာသဘောလေးတွေ သိနေဖို့လို့တယ်။စိတ်ကိုအရမ်းလွတ်ထားရင် သူတွေးချင်ရာတွေးတော့တာပဲ တွေးတာများသောအားဖြင့် ပြောရရင် အကုသိုလ်ဘက်ကိုပဲ တွေးတာများတယ်။ အကုသိုလ်ဆိုပေမဲ့လည်း ကြီးမားတဲ့ဒုစရိုက်မှုမျိုးကို မဆိုလိုဘူးနော်။ ဒုစရိုက်ပင် မဟုတ်သော်လည်း အကုသိုလ်သဘောလေးတွေက အငယ်လေးတွေအများကြီး ဖြစ်နေတယ်။ မနောကံ တွေဖြစ်နေတယ်။
တစ်ခုခုကို လိုချင်တယ်။ တစ်ခုခုကို မကျေနပ်ဘူး။ သိမ်သိမ်မွေ့မွေ့လေးတွေက တနေ့လုံးဖြစ်နေတယ်။ မသိလို့သာ သတိမထားမိရင် မသိတာနော်။ အဲဒီတော့ မသိမသာဖြစ်နေတဲ့ စိတ်လေးတွေကို မမြင်တတ်သေးဘူးဆိုရင် ရုပ် သို့မဟုတ် ဝေဒနာတစ်ခုခုကို သိအောင်သတိလေး ကပ်ထားပါ။ ဘယ်နေရာကစစ စလိုရပါတယ်။ ကိုယ့်အတွက် လွယ်ကူတာ၊ ကိုယ့်အတွက် ထင်ရှားတာကို စပြီးလုပ်ပါ။ သတိနဲ့နေတဲ့ အကျင့်မျိုးရလာတဲ့အခါမှာ ဘာမှမလုပ်ဘဲနေတဲ့အခါမှာလည်း ခန္စာမှာဖြစ်တာ စိတ်မှာဖြစ်တာတွေကို သိပြီးတော့နေတယ်။ ဒါအင်မတန် တန်ဖိုးရှိတဲ့ အလုပ်ပဲ...
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
ဆရာတော် ဦးဇောတိက - ဘယ်တော့မှမရိုးနိုင်တဲ့ တရားတော်
...တရားအားထုတ်တာ အရှိန်ရသွားတဲ့လူတွေကြတော့ လက်တွေ ခြေတွေ ခေါင်တွေဆိုတာ လည်းပျောက်သွားတယ်။ ဒါကို အာရုံမပြုမိတော့ဘူနော် နာတဲ့ သဘောသက်သက၊ ညောင်းတဲ့ သဘောသက်သက်၊ ပူတဲ့ သဘောသက်သက်၊ အေးတဲ့ သဘောသက်သက်၊ ကိုက်တဲ့ သဘောသက်သက် အဲသလို သဘောသက်သက် ကိုမြင်တဲ့အခါမှာ ပုဂ္ဂိုလ်၊သတ္တဝါဆိုတာ ပျောက်သွားပြီး နာမည်လည်းတပ်လို့မရတော့ဘူး။ အဲလိုအခါမှာ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်တော့ပဲနဲ့ သူ့သဘောသက်သက်လို့ သိလိုက်ရတာ အလွန်ထူးဆန်းတယ်။ ပူတာ အေးတာ ကမထူးဆန်းဘူးနော်။ပြောပါများရင်တော့ ကြားပါများရင် ရိုးသွားတယ်နော်။ တကယ်ကိုယ်ဟာကို သိနေရတဲ့သူ ကြတော့ ဘယ်တော့မှ မရိုးဘူး။ သိတဲ့ဉာဏ်က အမြဲတမ်းအသစ်အသစ် ဖြစ်နေတယ်။ တစ်ခါသိပုံနဲ့ နောက်တစ်ခါသိပုံ မတူဘူး။ ပိုပြီး နက်နဲလာတယ်။ ပိုပြီး သိမ်မွေ့လာတယ်။ အဲဒီလို အရှု့ခံဖြစ်တဲ့ ရုပ်ရဲ့သဘော၊ ဝေဒနာရဲ့သဘောကို ကြည့်ရင်းကနေ အဲဒီ ရုပ်တို့ ဝေဒနာတို့ကို သိနေတဲ့စိတ်ကိုပါ ပြန်ကြည့်လို့ရတယ်နော်။ တရားအားထုတ်နေတဲ့စိတ်ကိုပဲ ပြန်ရှု့မှတ်လို့ရတယ်။ ဝိပဿနာစိတ်ကို ပြန်ပြီးတော့ ဝိပဿနာ ရှု့တာပဲနော်။ ဝိပဿနာစိတ်ကို ပြန်ပြီး ဝိပဿနာ ရှု့နိုင်လို့ရှိရင် ဝိပဿနာက ပိုပြီး အားကောင်းလာတယ်။ ပိုပြီး တော့ပြည့်စုံလာတယ်။ သို့မဟုတ်ရင် တခါတရံ ဘယ်လိုထင်သလဲဆိုတော့ ဒီလို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် သိနေတာ ငါသိတာပဲ ဒါငါဉာဏ်ပဲလို ထင်နေတယ်။ အဲဒီ ရှု့မှတ်နေတဲ့၊ သိနေတဲ့ အဲဒီ ဝိပဿနာဉာဏ်ကိုပဲ ပြန်ကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်း သိနေတဲ့သဘောလေး ဆိုတာကို သိလာတယ်။ တခါတလေ မရှင်းတာကိုလည်း သိလာတယ်။ အာရုံတစ်ခုပေါ်လာတယ်။ အဲဒီ အာရုံကို ရှု့မှတ်တဲ့စိတ် ဖြစ်တယ်။ အဲဒီ အာရုံကိုရှု့မှတ်တဲ့စိတ်ကို ပြန်ပြီး ရှု့မှတ်တယ်။
အဆင့်ဆင့်သွားတယ် ဒီင်္လိုပြောလိုက်ရင်တော့ မလွယ်ဘူးလို့ ထင်နေမှာပဲနော်။ စိတ်ပါလက်နဲ့ ပျော်ပျော်ရွှင်ရွှင် သေချာ လေးလေးစားစား လုပ်ကြည့် ကြာကြာလုပ်ရင် သူဟာသူဖြစ်လာမှာပါနော်။ ဒီလောက်မခက် ပါဘူး။ ...
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
Friday, October 2, 2009
ဆရာတော် ဦးဇောတိက - ယသောအယသော တရားတော်

လောကဓံတရား ၈-ပါးထဲက "ယသောအယသော" ဆိုတဲ့ လောကဓံကို ပြောမှာပါ။ လောကဓံ ဆိုတာ အကောင်းလည်း လောကဓံပဲ၊ အဆိုးလည်း လောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများတယ်။ အကောင်းနဲ့ ကြုံနေရတဲ့အခါကြတော့ ငါမှာ လောကဓံနဲ့ တွေ့ကြုံနေရပါတယ်လို့ မပြောကြပါဘူး။ အကောင်းကို လောကဓံလို့ မထင်ဘုး။ သို့သော် ဘဝမှာ တွေ့နေ၊ ကြုံနေရတာတွေက အဆိုးတွေများပါတယ်။ အဲဒါကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ပြီးတော့၊ သိပြီးတော့ နေတတ်မယ်ဆိုရင် အဲဒီအဆိုးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမယ်။ အခြွေအရံများခြင်း၊ အခြွေအရံအခြွေအရံနည်းခြင်း ဆိုတဲ့ အကြောင်းကို အရင်ကလည်း ပြောဘူးပါတယ်။ နောင်တခေတ်မှာ လူတွေ့ကြုံရမဲ့ ဒုက္ခတွေထဲမှာ အခုလည်းတွေ့ကြုံနေရပါပြီ အကြီးဆုံးဒုက္ခက ဘာဖြစ်မလဲဆိုတော့ အပေါင်းအဖေါ်မရှိခြင်းပဲ။ လူတွေကလောကကြီးမှာ ကြာလေများလေ ဖြစ်လာနေတာ။ လူဦးရေ များသလောက် လူတွေဟာ အဖေါ်မဲ့အထီးကျန် ပိုဖြစ်လာတယ်။ အပျော်အပါးတွေလည်း အခုခေတ်မှာ ပိုများလာတယ်။ အပျော်အပါး များသလောက် အဖေါ်လည်းပိုပြီးမဲ့ လာတယ်။
ဟန်လုပ်ပြီး ဆက်ဆံနေမှ ဖြစ်တဲ့လူဟာ ကိုယ့်အဖော် မဖြစ်နိုင်ဘူး။
ချစ်တဲ့ ကိုယ်ချင်းစာတတ်တဲ့ လူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှုဖြစ်တာ နဲတယ်။
သုတပါးကို ရင်းရင်းနှီးနှီ ပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး မဆက်ဆံတတ်ဘူး မယုံကြည်ဘူး စိတ်မချဘူး ဆိုရင် ကိုယ်မှာအဖေါ်မရှိတော့ဘူး။
လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို ညည်းမခံနိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။
သူများအကြောင်း မကောင်းပြောတတ်တဲ့သူကလည်း အဖေါ်မဲ့တတ်တယ်။
ဒေါသကြီးတတ်သူကလည်း အဖေါ်မဲ့တတ်တယ်။
ဂုဏ်တုဂုဏ်စိတ်ကြောင့်၊ မနာလိုတဲ့စိတ်ကြောင့် အဖေါ်မဲ့တတ်တယ်။
ကိုယ့်ကိုကိုယ် အထင်သေးတဲ့လူကလည်း အဖေါ်မဲ့တတ်တယ်။
မာနသိပ်ကြီးသွားရင် အဖေါ်မဲ့တတ်တယ်။
ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါကအထက်တန်းစား ပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့ဦးမှာပဲ။
လူမသိအောင် ဖုံးရတာများရင်လည်း အဖေါ်မဲ့အထီးကျန် ဖြစ်တတ်တယ်။
ကိုယ်က ပစ်ပယ်တာ ခံရမှာ အကြောက်လွန်ပြီးတော့ လူတွေကို ရင်းရင်းနှီးနှီး မပေါင်းပဲ ရှောင်လွန်းရင်လည်း အဖေါ်မဲ့တတ်တယ်။
ကိုယ်က သူများဆီက မေတ္တာ၊ ကရုဏာနဲ့ ကြင်နာမှု၊ ဂရုစိုက်မှုကို လိုချင်နေရင် ကိုယ်က အရင်ဦးအောင် ပေးရတယ်။
နေ့စဉ်နေ့တိုင်း ကိုယ်စိတ်ကို ကိုယ်သိပြီးတော့ နေသွားမယ်ဆိုရင် အလိုအလျှောက် ကောင်းတဲ့ဘက်က တိုးတတ်လာတယ်။ ဆိုးတဲ့ဘက်က လျော့သွားတယ်။...
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
Monday, September 28, 2009
ဆရာတော် ဦးဇောတိက - အရှုပ်ထဲမှာရှင်းအောင်နေ တရားတော်
...ရှေးတုန်းက လုပ်ရိုးလုပ်စဉ်အတိုင်း ပုံမှန်သွားလို့ရတယ်။ ခုခေတ်မှာ အခြေအနေကိုကြည့်ပြီးတော့ ပြောင့်သင့်တဲ့အခါ ချက်ချင်းပြောင်း နိုင်ရမယ်။ "အရင်လိုမဟုတ်ပါလား" လို့ ညည်းညူမနေပါနဲ့။ အရင်လိုတော့ ဘယ်တော့မှ ဖြစ်မှာမဟုတ်တော့ဘူး။ အဲဒီလို ပုံမှန်ဆိုတဲ့ခေတ် ကုန်သွားပါပြီ။ ဘယ်သူကိုမှလည်း အပြစ်တင်လို့မဖြစ်ဘူး။ တကမ္ဘာလုံး အဲဒီလိုဖြစ်နေတာနော်။ ကိုယ်ကအဲဒါကို ကြိုတင်မြင်ထားပြီးတော့ အပေါ်စီးကနေ ကြည့်ပါ။ အခြေအနေတွေကတော့ ပြောင်းချင်တဲ့အချိန် ကြိုမသိဘဲနဲ့ ချက်ချင်းပြောင်းသွားမယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ "ငါ့စိတ်ကိုရော ငါ့ရဲ့ လုပ်နည်းကိုင်နည်းကိုရော ချက်ချင်းပြောင်းနိုင်ရမယ်။ လုပ်ပုံကိုင်ပုံကို ချက်ချင်းပြင်နိုင်ရမယ်။အခုခေတ် အထူးသဖြင့် လူငယ်တွေကို ပြောချင်တာပေါ့ပေါ့နေလို မရတော့ဘူးနော်။ အစွမ်းအစတွေအများကြီး ထုတ်ရလိမ့်မယ်။ အကြံဉာဏ်တွေအများကြီး ထုတ်ရလိမ့်မယ်။ အလုပ်တွေကိုအမျိုးမျိုး လုပ်ရလိမ့်မယ် လုပ်ရမယ်။ အမျိုးမျိုး စမ်းပြီးတော့ လုပ်ကြည့်ရမယ်။ ပြီးမှကိုယ်နဲ့အဆင်ပြေတာလေး တွေ့ချင်တွေ့မယ်။ အဲဒီအဆင်ပြေတာလေးနဲ့ တွေ့ရင်တောင်မှ "အဲဒီအလုပ်ကလေးနဲ့ ငါတစ်သက်လုံး လုပ်ကိုင်စားသောက် သွားရလိမ့်မယ်" လို့ မမျှော်လင့်နဲ့ ပြောင်းသင့်ရင် ပြောင်းရဦးမယ်။
They will know that they can expect no ordered condition.
ordered condition ဆိုတာ စည်းကမ်းတကျလေး ဖြစ်နေတဲ့အခြေအနေနော်။ ပုံမှန်လေးဖြစ်နေတာ။ အဲဒီလို စည်းကမ်းတကျလေး ပုံမှန်ဖြစ်နေတဲ့ အခြေအနေမျိုးဟာ မျှော်လင့်လို့ မရတော့ဘူး။ they can expect no ordered condition စည်းကမ်းတကျလေး ပုံမှန်ဖြစ်နေတဲ့ အခြေအနေမျိုးဟာ မျှော်လင့်လို့ မရတော့ဘူး ဆိုတာကို They will know သူတို့သိလိမ့်မယ်တဲ့။ သိအောင်ပြောရတော့ မှာဘဲနော်။
မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့သူမှသာ ဘဝကိုအဆင်ပြေပြေ နေနိုင်မယ်။ ဘဝဆိုတာ ကိုယ့်ဉာဏ်ပညာ လုံလဝီရိယ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းတဲ့စာမေးပွဲလို့ သဘောထားပြီးတော့ ကိုအစွမ်းအစတွေကို အမြဲတမ်း မြှင့်တင်ရင်း နေသွားရမယ်။
ပြဿနာဟာ နေ့တိုင်း တွေ့နေရမှာပါ။ ပြဿနာကို ဖြေရှင်းနေရတာဟာ ဘဝမှာ ပုံမှန်လုပ်နေရတဲ့ အလုပ်ပါ။
ပြဿနာကို ကြောက်ပြီးတော့ တွေးပြီးတော့ စိတ်ညစ်နေဖိုမဟုတ်ဘူး။ ကိုယ့်မှာ အရည်အချင်းရှိသလောက် လုပ်နိုင်သလောက် လုပ်ပါ။ ကိုယ်မျှော်လင့်သလောက် ရာနှုန်းပြည့်တော့ ဖြစ်မှာမဟုတ်ဘူး။ နိုင်သလောက်ပဲ တာဝန်ယူပြီးတော့ လုပ်ပါ။ ပြီးရင် တခါတရံ မေ့မေ့ပျောက်ပျောက် နေနိုင်အောင်လည်း ကြိုးစားပါ။ အချိန်ပြည့်ကြီး ပြဿနာတွေ ခေါင်းထဲမှာ သယ်မထားပါနဲ့......
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
Thursday, September 24, 2009
ဆရာတော် ဦးဇောတိက - သဘောထားမှန်ပါစေ တရားတော်

....ဒီသဘောထားမျိုးဟာ ဒီတရားအားထုတ်တဲ့ နေရာမှာမှထားရမယ့် သဘောထားမဟုတ်ဘူးနော်။ ဒီသဘောထားမျိုးဟာ နေရာတိုင်းမှာ ထားရမယ်။ ကိုယ့်ဘဝတစ်ခုလုံး လုပ်သမျှကိုင်သမျှ ကိစ္စအားလုံးမှာ ဒီသဘောထားပဲ ထားရမှာနော်။ ဥပမာဆိုပါတော့ ယောင်္ကျားက မြင့်မြတ်တယ်၊ မိန်းမတွေက ယုတ်နိမ့်တယ်လို့ ယူဆကြတာကြားရတယ်။ ဒီဘုန်းကြီးက အဲဒီလိုမယူဆဘူး။ အကျင့်ကောင်းတဲ့လူက မြင့်မြတ်တယ်၊ အကျင့်မကောင်းတဲ့လူက ယုတ်ညံ့တာပါပဲ။ ယောင်္ကျားဖြစ်တိုင်း မြင့်မြတ်တယ်လို့မယူဆဘူး။ အကျင့်နဲ့ပဲ ခွဲရတာပဲနော်။ကြီးတာငယ်တာ ပဓာနမဟုတ်ဘူး။ ငယ်ပေမယ့်လည်း သူပြောတဲ့စကား မှန်ရင်လက်ခံရမယ်။ လူကြီးတွေအနေနဲ့လည်း မှားတတ်တယ်ဆိုတာကိုသိပြီး သဘောထားမှန်မှန်နဲ့ ပြောဖို့လိုတယ်။ ငယ်တဲ့သူက လေးလေးစားစားထောက်ပြရင်တော့၊ "အေး-မင်းပြောတာမှန်ပါတယ်" လို့ ဝန်ခံနိုင်တဲ့ ရိုးသားမှုနဲ့နူးညံ့မှု ရှိရမယ်။ သတ္တိရှိရမယ်။ ဒါတွေဟာ သိပ်အရေးကြီးတယ်။
လူလူချင်းအားလုံးကို လေးလေးစားစား ဆက်ဆံရမယ်။ ခွဲခြားမှုဘာမှ မရှိသင့်ဘူး။ ငါကလူကြီးမို့လို့ ငါ့စကားနားထောင်၊ မှားရင်လည်းကိစ္စမရှိဘူး။ ပြန်မပြောနဲ့။ အဲဒီသဘောထားမျိုးက အမှန်ကိုမသိအောင် တားဆီးတဲ့သဘောထား ဖြစ်တယ်။ ဘာသာရေးမှာလည်း သဘောထားမှန်ဖို့လိုသလို လူမှုရေးမှာလည်း သဘောထားမှန်ဖို့လိုတယ်။ ပညာရေးမှာလည်း သဘောထားမှန်ဖို့လိုတယ်။ မှန်ကန်တဲ့ သဘောထား တစ်ခုပဲရှိတယ်။ နှစ်ခု သုံးခု မရှိဘူး။ အဲဒီလိုသဘောထားကြီးကြီးနဲ့ နေမယ်ဆိုရင် စိတ်က သိပ်လွတ်လပ်နေတာပဲနော်။ ဘယ်သူပြောတာကိုဖြစ်ဖြစ် နားထောင်ပါ။ ကိုယ်ဉာဏ်နဲ့ကို ချင့်ချိန်ပါ။ လက်တွေ့ စမ်းကြည့်ပါ။ စမ်းကြည့်ပြီး လွတ်လွတ်လပ်လပ်လုပ် သွားပါ။ အားလုံးကို အင်မတန် လွတ်လွတ်လပ်လပ် နေစေချင်တယ်။
ကြုံတဲ့အခါတော့ ပြောသင့်တာလေးတွေ စိတ်ကူးထဲ ပေါ်လာတာလေးတွေ တော့ပြောပါတယ်။ ဒါပေမယ့် ပြောတဲ့အတိုင်း တသွေမတိမ်း မှတ်သားပြီးတော့ လိုက်နာပါလို့ မဆိုလိုဘူး။ ပြောတဲ့အတိုင်း မှတ်သားပြီးတော့ လိုက်နာမယ်ဆိုရင် ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်မှု မပါတော့ဘူး။ အဲဒါဆိုတကယ် သိမှာမဟုတ်တော့ဘူး။
ပြောတဲ့အတိုင်း လုပ်တဲ့သူဟာ ပြောတဲ့သူမရှိရင် မလုပ်တတ်တော့ဘူး။ ပြောတဲ့သူမရှိရင် မလုပ်တတ်တဲ့သူဟာ မတိုးတတ်ဘူး။ မပြောရင် လုပ်ဖို့မလိုဘူးလို့လည်း တွေးတတ်တယ်။ ဘယ်ကိစ္စမှာဖြစ်ဖြစ် သဘောထားမှန်ဖို့ အင်မတန် အရေးကြီးတယ်။...
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
Friday, September 18, 2009
ဆရာတော် ဦးဇောတိက - ဘဝဆိုတဲ့ကျောင်း တရားတော်

You will learn lessons.
ရောက်သွားတဲ့ဘဝမှာ သင်ဟာသင်ခန်းစာတွေအများကြီး ဆည်းပူးရလိမ့်မယ်။
Your are enrolled in a full time informal school called life.
ဘဝလို့ခေါ်တဲ့ သင်ရိုးသက်မှတ်ချက်မရှိတဲ့၊ စာသင်ခန်းမရှိတဲ့ကျောင်းကြီးမှာ သင့်ကိုစာရင်းသွင်းထားပြီ။
ဘဝကို ကျောင်းလို့တင်စားခေါ်တာ အင်မတန်လေးနက်ပြီး အင်မတန် လှပပါတယ်။ အင်မတန် ပေါ်လွင်တယ်။ ဘ၀ဆိုတာ ကျောင်းပဲလို့ တကယ် သဘောပေါက်ရင် အင်မတန်အကျိုးများမယ်။ ဘဝမှာ ဘယ်ဟာအရေးအကြီးဆုံးလည်းဆိုတာ ကောင်းကောင်းသဘောပေါက်မယ်။ နေ့စဉ် ခံစားတွေကြုံနေရတဲ့ သင်ခန်းစာတွေကို မှန်မှန်ကန်ကန်သဘောပေါက်ဖို့၊ ကျေညက်ဖို့သိပ်အရေးကြီးတယ်။ ဘဝသင်ခန်းစာ မကျေညက်ရင်... အသိဥာဏ်မဖြစ်ဘူး။ စိတ်ရောဂါဖြစ်နိုင်တယ်။
Each day in the school you will have the oppotunity to learn lessons.
ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်အတွက် သင်ခန်းစာတွေဆည်းပူးခွင့် ရလိမ်မယ်။
ဒီကျောင်းက ကျောင်းပိတ်ရက် မရှိဘူး။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန် မရှိဘူး။ နေ့စဉ်ပဲ သင်ခန်းစာတွေ ဆည်းပူးနေတယ်။ နေ့စဉ်ပဲ စာမေးပွဲ အစစ်ခံနေရတယ်။ အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ။ သင်ခန်းစာတိုင်းဟာ စာမေးပွဲပဲ။ သတိနဲ့ ဥာဏ်နဲ့ နေတက်မှ ဘဝအတွေ့အကြုံထဲက လေးနက်တဲံ့သင်ခန်းစာရမယ်။ ပေါ့ပေါ့တန်တန် အမှုမဲ့အမှတ်မဲ့ နေသွားရင် အသက်သာကြီးသွားမယ် ဥာဏ်ကြီးမလာဘူး။ စိတ်နေသဘောထား လေးနက်မှု၊ မြင့်မြတ်မှု ဖြစ်မလာဘူး။ အလေးနက်ဆုံးအသက်ဥာဏ်ကို ဘဝအတွေ့အကြုံထဲကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။
ဘဝဟာအလေးနက်ဆုံး စာအုပ်ပဲ။ အချိန်မရွေး နေရာမရွေး ကိုယ်ခန္ဓာမှာ ဖြစ်နေတာတွေ၊ မြင်ရတာတွေ၊ ကြားရတာတွေ၊ ထိရတာတွေ၊
တွေးတောကြံဆတာတွေ၊ သိတာတွေကို သတိနဲ့ကြည့်တဲ့ အလေ့အကျင့်လုပ်ပါ။ ခန္ဓာနဲ့ပတ်သက်တဲ့
သဘာဝအကြောင်းအကျိုးတွေ၊ စိတ်နဲ့ပတ်သက်တဲ့ သဘာဝအကြောင်းအကျိုးဆက်စပ်မှုတွေကို နက်နက်နဲနဲမြင်လာမယ်။
You may like the lessons or think them irrelevant or stupid.
ဒီသင်ခန်းစာတွေကို သင် သဘောကျချင်လည်း ကျမယ်။ အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ်။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ်။
ဥာဏ်နည်းတဲ့သူအဖို့ အရေးမကြီးဘူးလို့ထင်တဲ့ ကိစ္စဟာ ဥာဏ်ကြီးတဲ့သူအဖို့ သိပ်အရေးကြီးတာ၊ လေးနက်တာဖြစ်တတ်တယ်။ တကယ်တော့ဘယ်အရာကိုဖြစ်ဖြစ်လေးလေးနက်နက် နားလည်ဖို့လိုပါတယ်။
In the long run we get what we deserve.
ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရတယ်။
ကောင်းတာတွေး၊ ကောင်းတာပြော၊ ကောင်းတာလုပ်တဲ့သူဟာ ရေရှည်မှာ ကောင်းကျိုးရမှာ သေချာတယ်။
ရေရှည်ကိုကြည့်ပါ။ မျက်တောင်တစ်ဆုံး မကြည့်ပါနဲ့။ မျက်စိတစ်ဆုံးကြည့်ပါ။ ...
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
ဆရာတော် ဦးဇောတိက - ပစ္စုပ္ပန်မှာ ထိတိုင်းသိနေပါစေ တရားတော်

စိတ်ဟာပစ္စုပ္ပန်မှာအနေများလာတဲ့အခါ ဘဝရဲ့ (Quality) ၊ စိတ်ရဲ့(Quality) အရည်အသွေးတွေဟာ မြင့်မားလာတယ်။ စိတ်ထဲမှာဖြစ်တဲ့လောဘ၊ ဒေါသ၊ ပျံ့လွင့်မှုတွေ၊ စိတ်ဆင်းရဲမှုတွေတဖြည်းဖြည်းရှင်းသွားတယ်။ သူတို့ရှင်းသွားရင်စိတ်ရဲ့ အရည်အသွေးမြင့်မားလာတယ်။ အေးချမ်း တည်ငြိမ်မှု၊ သန့်ရှင်းမှု ရှိလာတယ်။
(ဆရာတော် ဦးဇောတိက)
ဒေါင်းရန် ။ ။ Mediafire
Wednesday, September 16, 2009
ဆရာတော် ဦးဇောတိက - ငြိမ်းချမ်းခြင်း တရားတော်
ရိုးရိုးသားသား မှန်မှန်ကန်ကန် ကြိုးကြိုးစားစား လုပ်မယ်။ မရိုးသားတာ မမှန်ကန်တာကို မလုပ်ဘူး။ ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ အမှန်ကန်ဆုံး အရိုးသားဆုံး အကောင်းဆုံး နည်းလမ်းကို ရှာပြီးတော့ အခက်အခဲတွေကို ဖြေရှင်းသွားမယ်။ ငြိမ်းချမ်းနေတာ သဘာဝပါ။ငြိမ်းချမ်းတဲ့စိတ်ဟာ လွတ်တဲ့စိတ်ဖြစ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကိုလိုလားတဲ့စိတ်ဖြစ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ဟာ တကိုယ်ကောင်းမဆန်ဘူး။ ငြိမ်းချမ်းတဲ့စိတ်ဟာ တန်ဖိုးအရှိဆုံးအရာဖြစ်တယ်။ ငြိမ်းချမ်းမှုမရှိရင် ပစ္စည်း ဥစ္စာ ရာထူး အာဏာဘယ်လောက်ရှိရှိ ဘဝဟာအဓိပ္ပာယ် မရှိနိုင်ဘူး။ ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ ငြိမ်းချမ်းတဲ့သူဟာ မြင့်မြတ်တဲ့သူ ဖြစ်တယ်။ မြင့်မြတ်တဲ့သူဟာ သဘောထားကြီးတဲ့သူဖြစ်တယ်။ သဘောထားကြီးတဲ့သူဟာ မျှတတဲ့သူဖြစ်တယ်။ သဘောထားကြီးတဲ့သူဟာ ခွင့်လွတ်တဲ့သူ့ဖြစ်တယ်။ ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်။ ငြိမ်းချမ်းတဲ့သူဟာ မိမိကိုယ်ကိုလေးစားတဲ့သူ ဖြစ်တယ်။ မိမိကိုယ်ကိုလေးစားတဲ့သူဟာ သူတပါးကိုလည်း လေးစားတဲ့သူ ဖြစ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကိုလိုလားတဲ့စိတ် ဖြစ်တယ်။ ငြိမ်းချမ်းနေတဲ့သူဟာ အောင်မြင်တဲ့သူ ဖြစ်တယ်။
ငြိမ်းချမ်းတဲ့စိတ်ဟာ ကျေနပ်နေတဲ့စိတ် ဖြစ်တယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ စာနာမှု ရှိတယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ ဂုဏ်သိက္ခာ ရှိတယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ သတ္တိတွေ အင်အားတွေ ရှိတယ်။
စိတ်ရဲ့ ငြိမ်းချမ်းမှုဟာ အပျော်အပါးထက် ကျေနပ်စရာကောင်းတယ်။ မိမိစိတ်ကို ...
(ဆရာတော် ဦးဇောတိက)
ဆရာတော် ဦးဇောတိက - ငြိမ်းချမ်းခြင်း တရားတော် မှ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ တရားတစ်ပိုဒ်လုံးကို အောက်မှာ Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire




