Showing posts with label #ချိုကျ ဝိုင်း. Show all posts
Showing posts with label #ချိုကျ ဝိုင်း. Show all posts

Thursday, January 14, 2010

လွမ်းငွေ့ပြေပန်းတံတား





ဟိုတစ်ဖက်ကမ်းနဲ့ဒီတစ်ဖက်ကမ်း
ရင်ခွင်တစ်ဖက်ခြမ်းဆီ
တမ်းတမှန်းမျှော်နေရုံနဲ့
ဒီအလွမ်းမြစ်ရေတွေက
ခမ်းသွားမှာမှမဟုတ်တာ
ဘဝရဲ့လမ်းတွေကြမ်းတမ်းပါစေ...
တစ်ခမ်းတစ်နားနဲ့
လွမ်းငွေ့ပြေပန်းတံတားကို
ဒို့ဆောက်ကြပါဆို့....
ဟောဟိုတောင်အထက်နားဆီက
လွမ်းဒုက္ခတွေဝေစေမယ့်
တောင်ကြရေတွေစီးဆင်းဉီးတော့
ချစ်ခြင်းတွေကိုခင်းကြင်း
အသက်နဲ့ရင်းပြီးတည်ဆောက်မယ်.......

Sunday, January 10, 2010

သူသိနေပါစေ....


ပေါ့ပျက်ပျက်စကားလုံးတစ်စုနဲ့
ပျက်ရယ်ပြုခဲ့လို့
အချစ်တွေကိုမျက်ကွယ်ပြုခဲ့ရတာ
သူသိနေပါစေ......
ကံကြမ္မာနှလုံးသားရေးလမ်းက
ခပ်ကြမ်းကြမ်းရိုက်ပုပ်ခဲ့လို့
အလွမ်းတွေနဲ့ပွေ့ဖက်ခဲ့ရတာ
သူသိနေပါစေ.......
လှည့်စားခြင်းတွေရဲ့နောက်
နှလုံးသားဟာသွေးချင်းချင်းနီရဲခဲ့လို့
ဘ၀ဟာမြစ်ကျိုးအင်းဖြစ်ခဲ့ရတာ
သူသိနေပါစေ........
ဟောဒီငါ့မာနတွေကိုရိုက်ချိုး
သူပြန်လာလိမ့်နိုးနဲ့
မျှော်ကိုးနေခဲ့ရတာကိုလဲ
သူသိနေပါစေ........
လှည့်စားကာမာယာတွေနဲ့ပြုံးနေလဲ
အဆုံးထိရင်ကိုခွဲ
ချစ်နေဆဲပဲဆိုတာကိုလဲ
သူသိနေပါစေ.........

Saturday, January 9, 2010

နှင်းဆီ


နှင်းဆီတစ်ပွင့်ငါခူးခဲ့တဲ့နေ့
လက်ဖျားတွေကထိတွေ့ခဲ့တဲ့ခံစားမှုက
ငါ့ဉီးနှောက်ထဲကကျောက်တောင်တွေကို
တွန်းဖြိုစေခဲ့သလား......
နှလုံးသားအခွံထဲကိုတစ်ခုတစ်ခုထည့်ဖို့
ကြိုးစားရင်းနိုးသွားခဲ့ရတဲ့အိမ်မက်တွေ....
နှင်းဆီဟာလဲကြွေခဲ့ပြီ....
ရသတစ်ခုကိုရဖို့နှလုံးသားကကုန်ကြမ်းဆိုရင်
အချစ်ဆိုတာကုန်ချောဖြစ်ဖို့တန်ပါ့မလား??
လူတစ်ကာလဲဒီလိုပဲမျှားနေကြတာပဲ
ချိတ်မှာတော့နှလုံးသားကိုအစာနဲ့မမှားနဲ့ပေါ့......

Monday, January 4, 2010

မာယာမဲ့သောမြစ်

အချစ်ဆိုတဲ့အရာကို ဒါအချစ်ပဲလို့ စသိလိုက်ရတဲ့အချိုန်ဟာ ကျွန်တော့်အတွက် တော့နောက်ကျလွန်းပါတယ်၊၊ကျွန်တော်သိခဲ့တဲ့ အချစ်က တွေဝေမှုတွေ၊အားနာမှုတွေ၊ နောက် စွန့်လွှတ်မှုတွေ နဲ့ဆိုတာ ကျွန်တော် သိခဲ့ရတဲ့အချိန်မှာ ရင်ထဲကအချစ်က နှလုံးသားနဲ့အဝေးဆုံး ကိုရောက်သွားပါပြီ၊၊ တစ်ကယ်တော့ ဒါတွေဟာ တစ်ဖက်သက်ကျလွန်းတဲ့ ကိုယ်ပိုင်အတွေးတွေပါ၊၊ ဟုတ်တယ် ဒါတွေကို တိုးတိုးလေးခေါ်ဆိုခဲ့ရတဲ့ ရင်ထဲက မြစ်တစ်စင်း ကတော့သိလိမ့်မယ် မထင်ပါဘူး၊၊ အေးမြခြင်းတွေ သန့်စင်ခြင်းတွေ နဲ့သူ့ဘ၀ကို စီးဆင်းနေခဲ့ စီးဆင်းနေဆဲပါပဲ၊၊ သူ့ကိုစတွေ့တာ ဟိုးကလေးဘ၀ကတည်းကပေါ့၊၊ ဟုတ်တယ် မူလတန်းကနေ အထက်တန်းထိ တစ်မြေထဲ တစ်ကျောင်းထဲမှာ နေခဲ့ သင်ယူခဲ့ကြတာ ပဲလေ၊၊ လှတယ် စာအရမ်းတော်တယ် ခင်တတ်တယ် စိတ်မနောဖြူစင်တယ် ဆိုတဲ့အချက်တွေက ကျွန်တော့်ကို ဟိုးအဝေးဆုံးကို တွန်းပို့စေခဲ့တာပေါ့၊၊ အဖြူရောင်စာရွက်ပေါ်ကို ဘာအရောင်မှ မစွန်းထင်စေပဲ ဒီအတိုင်းထိုင်ကြည့်နေခြင် တာကျွန်တော့ရဲ့စိတ်ပေါ့၊၊ ကျွန်တော့်ကြောင့် သူစွန်းထင်းသွားမှာ စိတ်ထိခိုက် စိတ်ရှုပ်မှာကို ကျွန်တော် အရမ်းကြောက်မိပါတယ်၊၊ သူငယ်ချင်းလို ခင်မင်ခွင့်ရပြီး သူ့အနားကနေ သူ့ကို ကဗျာတစ်ပုဒ်လို ရွတ်ဆိုနေရတာ ကျွန်တော့်အတွက်တော့ သာယာပါတယ်။ မာယာမပါတဲ့ အပြုံး ဖြူစင်တဲ့ ပြောဆိုဆက်ဆံမှုတွေကြားထဲမှာပဲ ကျွန်တော်ရဲ့ နှလုံးသားဟာ အေးခဲခဲ့ရတယ်လေ၊၊ တစ်ကယ်တော့ သူဟာ သူမရဲ့အိမ်စာတွေ လေကျင့်ခန်းတွေနဲ့ ခေါင်းနှစ်ပြီး အလုပ်ရှုပ်နေချိန်မှာတော့ ကျွန်တော်တစ်ယောက်ထဲ အတွေးတွေနဲ့ ပျော်နေခဲ့ရတယ်။ကျောင်းစာသင်ခန်းထဲ မှာလဲ ဘေးတိုက်မကျတစ်ကျ နောက်နားကနေ သူ့မျက်နှာကို ငေးကြည့် ရင်းဆရာ မမြင်အောင် စာသင်ချင်ယောင် ဆောင်ရသေးတယ်လေ။ဒီလိုနဲ့မှတ်စုစာအုပ် ဝေးလို့ ပုံနှပ်စာအုပ်တောင် ဘယ်နားရှာရမှန်းမသိတဲ့ကောင် စာမေးပွဲကိုတော့ သူနဲ့အတူအောင်ချင်ပါသေးရဲ့။ဒီလိုနဲ့ ၁၀ တန်းစာမးပွဲဖြေဖို့ ၃လ လောက်ပဲလိုတော့တယ်။''ဟဲ...နင်စာတွေရပြီလား''တဲ့ အဟား ဒီကောင်က မြစ်တစ်စင်းနဲ့ အတူစီးဆင်းနေတာ စာဆိုတာဝေလာဝေးပေါ့။"အာ....မဖြစ်သေးပါဘူး ပေးပေး နင့်စာအုပ်တွေ'' ဆိုလို့ စာကြည့်စားပွဲကို မြေလှန်ခဲ့ရသေးတာပေါ့။ဒီလိုနဲ့ သူ့ရဲ့မှတ်စုတွေ လက်ရေးကော်ပီ တွေနဲ့ ဒီ ၁၀ တန်းကို ကျွန်တော်အောင်ခဲ့ရပါတယ်။ဝမ်းသာလိုက်တာ ကောင်မလေးရေ.....စာမေးပွဲအောင်တာရယ် နင့်ရဲ့ကူညီမှုတွေ အရာထင်အောင် ငါလုပ်ပေးနိုင်တဲ့အတွက်ပါဟာ။ တကယ်တော့ အဲဒီနေ့ကနေစပြီး ခွဲခွာခြင်းတွေကစခဲ့တာပေါ့။စာတော်တဲ့နင်နဲ့ ရမှတ်တွေက မိုးနဲ့မြေပဲလေ။မတူညီတဲ့ ကျောင်းတွေမှာတက်ကြရင်းနဲ့ လူ့လောကထဲကို တိုးဝင်ပြီး ငါတို့ကွဲသွားကြတာ ခုချိန်ဆို ၁၁နှစ် လောက်ရှိပြီ နော်။ခုချိန် ကံကြမ္မာကြုံခဲ့လို့ ပြန်ဆုံတွေ့ခွင့်ရရင်တောင် ငါ့အတွက်တော့ မစီးဆင်းပါနဲ့ဟာ။ငါ့ရဲ့ မာယာမဲ့တဲ့ မြစ်ကို ကဗျာတစ်ပုဒ်လိုပဲ ခံစားနေပါရစေ.......

Thursday, December 17, 2009

ဉီးခေါင်းခွံများ

ဟောဒီအရပ်လေးမျက်နှာမှာ
ပုပ်အဲ့အဲ့အတွေးတွေနဲ့
လေထုကိုညစ်ညမ်းစေတာ
နှစ်တွေအတော်ကြာခဲ့ပြီ
အခွံတွေအထပ်ထပ်နဲ့ဘ၀တွေကို
ဘ၀အမောတွေနဲ့ခစားစေတာ
ကမ္ဘာမြေကတောင်လက်မှိုင်ချရမလောက်ပဲ
ကောက်ရိုးမီးတွေလိုတစ်ငွေ့ငွေ့နဲ့စိတ်တွေ
အတိတ်လေပြေတွေကိုပဲလိုက်ဖမ်းနေတာ
အရှေဆီကိုမမှန်းမျှော်တတ်ကြတော့ဘူး
ရိုးသားမှူတွေထဲကကြိုးစားမှူတွေ
နိုးကြားသမှူမပြုကြတော့ဘူးလား
မျက်နှာများတဲ့စိတ်တွေက
ခံယူချက်အမျိုးမျိုးကိုလိုရာပုံသွင်းပြီး
အမှန်တရားတံစိတ်ခပ်နှိပ်နေကြတာ
လောကကြီးကဩချမလောက်ပဲ
ဉီးခေါင်ခွံတွေနဲ့အတွေးတွေကို
သွန်ချနေသမျှတော့သဲထဲရေသွန်တာမှ
တစ်ခဏတော့အရာထင်လိမ့်မယ်.......

Wednesday, December 16, 2009

အချစ်ရောင်ရင့်ရင့်

ဟောဒီအဖြူရောင်ရင်ဘတ်ပေါ်မှာ
အချစ်ရောင်ရင့်ရင့်ကိုတင်ခဲ့တုန်းကပေါ့
စွန်းထင်းသွားတဲ့စိတ်တွေ
ရွက်ကြွေတွေလိုမဝေနိုင်တော့ဘူး
ရူးသွပ်ခဲ့တုန်းကဒီဘ၀မှာငါပျော်တယ်
စွန်းထင်းနေလျှက်ကသူခြွေရက်လိမ့်မယ်လို့တော့
ငါမထင်မိဘူးလေ......
အချစ်ရောင်ရင့်ရင့်နဲ့
ဘ၀ကိုတည်ဆောက်ခွင့်ရရင်
ထာဝစဉ် ထာဝစဉ် ပါပဲလို့ထင်ခဲ့တာ.......
ဒီလိုနဲ့အချစ်အချစ် ဆိုပြီး
အပြစ်တွေနဲ့သူပြုစားခဲ့တာ
အချစ်ကိုမျက်ကွယ်ပြုရင်း
ညစ်ကျယ်ကျယ်အတွေးတွေနဲ့
တွန်းကန်ဖို့ကြိုးစားခဲ့တာ
ဟောဒီရင်ဘတ်ထဲကနာမိတယ်
ကံကြမ္မာရယ်၊ဇာတာရယ်၊နှလုံးသားရယ်က
အရှုံးများပဲရစေခဲ့တာ
ဘ၀ရဲ့အလကာင်္တွေတောင်သွေ့ခြောက်လို့.......

Saturday, December 12, 2009

မိုးခါးရေများ၏အလွန်....

ရေးပြီးသားဖန်တီးမှူ့လေးကိုခဏတာခံစားရအောင်တင်ထားတာပါ။


ကမ္ဘာဂုဏ်ကျယ်ပေမယ့်
နေရတာဘုံနန်းမဟုတ်ဘူး
ဆန်းသစ်သောဇိမ်ခံပစ္စည်းတွေရှိပေမယ့်
ဒါတွေကိုသူမသိချင်ဘူး
ဟောဒီရှိနေတဲ့ဉီးခေါင်းကသူ့တစ်ကိုယ်စာလုံဖို့ထက်
အရာရာကိုဖူလုံစေဖို့လေ
ဒါသူ့အတွေး........
လေနီကြမ်းတွေတိုက်တဲ့နေ့က
အသိုက်မဲ့တဲ့ငှက်တစ်ကောင်ဆိုပေမယ့်
ငိုနေမယ့်သူတော့မဟုတ်ဘူး
သူ့အတွေးသူ့အသွေးနဲ့သူရေးခြစ်မယ့်မနက်ဖြန်
ဘ၀မှန်တွေအပြည့်နဲ့ပေါ့
မာန၊အမှန်တရား၊သစ္စာ၊ဂရုဏာ
အတွေး၊၀ါဒ
ဒါတွေကိုဘယ်တော့မှခ၀ါမချဘူး
မိုးခါးတွေရွာလို့မိုးခါးရေမသောက်ဘူး
အကြောက်တရားနဲ့ဘယ်တော့မှမဖောက်ပြားဘူး
နူးညံ့တဲ့လက်အစုံကစုတ်ချက်ကြမ်းနဲ့
ပုံဖော်ရေးဆွဲနေခဲ့တာ......
မလှပပေမယ့်သဘာဝတော့ကျပါတယ်
ဟောဟိုအရပ်လေးမျက်နှာက
ဝင်လာကြတဲ့မုန်တိုင်းတွေ
စိတ်ဓာတ်ကျောက်တောင်တွေကိုတော့
ကျိုးကျေမွစေမှာမဟုတ်ဘူး
မိုးခါးရေတွေပတ်လည်ဝိုင်းနေတဲ့
အတုယောင်လွတ်လပ်မှုတွေနဲ့ကျွန်း
သူကွန်းခိုနေထိုင်ခဲ့တာ
ဒါအမှန်တရားအတွက်ပါ
မှန်ကန်တဲ့ရသကိုရဖို့ဘ၀ကကုန်ကြမ်းဆိုရင်
လူ့ဘ၀ကိုရတာကောင်းတယ်ဆိုတဲ့အတွေးနဲ့
သူ့ကိုယ်သူစတေးခဲ့တာ
တစ်လောကလုံးနိုးထလာစေဖို့လေ......

Tuesday, December 1, 2009

မနှင်းဆီအတွက်

တိုးတိုးလေးကြွေလွင့်ခဲ့တဲ့
ငါ့ရင်ထဲကနှင်းဆီရေ......
မိုးပြိုညတစ်ညမှာညင်သာတဲ့
တယောသံကိုညှိခဲ့ရသလို
ရုပ်နဲ့နာမ်မတွဲမိခဲ့တာငါပါ
အားလုံးကိုအရှုံးပေးပါတယ်
နှင်းဆီရဲ့ဆူးခက်တွေကိုတော့
နှလုံးသားရဲ့တစ်နေရာမှာထိုးစိုက်ပြီး
သွေးခြင်းခြင်းနီရဲပါစေ.................

Monday, November 30, 2009

ဆံနွယ်တွေပြုစားတဲ့မတ္တာ

သူ့ဆံကေသာတစ်စွန်းတစ်စကိုလ
ပန်းပုပြေစွာထုထားလောက်တယ်လို့
တင်စားကာဆိုချင်ဆို
ပျိုမေကညာချောအလှက
မာယာမပါစွဲမက်လောက်တာမို့
သံသာယာရင်ခွင်အစုံမှာဖြင့်
ဆံကေသာပုတုန်းရောင်အလှတောမှာ
ကြွေကျကာမောဟိုက်မျောပါသည်အထိ
မနောဘ၀င်မှာသိစေချင်ပါသည်......
မြင်သူတကာလှည့်မငေးလောက်ပေမယ့်
မပိုင်သာဒီအတွေးကြောက်စရာမို့
ထောက်ထားကာလက်ခံပေးစေလို.....
ရင်ခွင်အိုဟိုထောင့်နားဆီက
နွေတစ်ရာလိုပူလောင်ကျွမ်းတာကြောင့်
စိတ်နွမ်းလို့အသဲတွေကြွေ....
သောကဝေဒီရင်ခွင်မှာလ
ခင်ပျိုမေ မကုစားလေသမျှ
ဆံနွယ်တွေပြုစားတဲ့မတ္တာ......

Thursday, November 26, 2009

အချိန်တိုင်းရဲ့သခင်

နှစ်လတွေပြောင်း
ဘယ်လိုဟောင်းလည်း
အသဲတွေကြွမ်း
နေ့တိုင်းလွမ်းအစဉ်.....
မြင်စေချင်ဒီရင်ခွင်မှာ
ချစ်မ၀ခင်ကြမ္မာငင်လို့
ခွဲရစဉ်စိတ်နယ်တခွင်မှာ
မင်းဟာ......
"'အချိန်တိုင်းရဲ့သခင်'"

လွမ်းရေးခက်

သူ့လက်ကလေး
ငါပိုက်ထွေးစဉ်
ဘ၀ရှေ့ရေး
ငါမျှော်တွေးမိ
ရင်၌မချိပြီ
မိုင်ထောင်သောင်းခြား
နယ်မြေခြားသို့
ကျောခိုင်းထွက်ခွာ
ငါ့ကိုယ်ငါလည်း
ဘ၀ကံကိုမတွန်းလှန်နိုင်
စိတ်ဝယ်ပူဆွေး
ဝမ်းစာရေးထက်
လွမ်းရေးခက်ပြီ.....

Wednesday, November 25, 2009

နှလုံးသားရပ်ဝန်း

ထစ်ချုံးမိုးတွေရွာခဲ့တဲ့အဲဒီနေ့က
နှလုံးသားမှာမျက်ရည်ကျခဲ့ရတယ်
မြို့ရိုးအထပ်ထပ်ထဲကမြို့ရိုးတစ်ခု
နှလုံးသားရပ်ဝန်းကိုဗဟိုပြုခဲ့တာ
ဓားစာခံကငါကိုယ်တိုင်ပဲလေ.....
စိတ်နဲ့ဉီးဋ္ဌောက်ကိုအဆက်သွယ်ဖြတ်
သောကတွေအထပ်ထပ်နဲ့
ငါ့ကိုယ်ငါသော့ခပ်ခဲ့တာ
ဒီနေ့နဲ့ပါဆို ၄ နှစ်ပြည့်ပြီ.....
မီးတောက်လျှံတွေကြားက
ပြန်လမ်းမဲ့သူတစ်ယောက်လိုပဲ
ဒီလိုနဲ့တစ်ရက်တစ်ရက်
မနက်ပေါင်းများစွာဆက်ခဲ့လို့
ရေကြည်ရာမြက်နုဆိုပေမယ့်
စိတ်စေရာကိုအသက်လုပြေးနေရတယ်.....

Tuesday, November 24, 2009

နတ်သမီးကောက်ကြောင်း

ကျေးလက်ဆန်ဆန်အနမ်းတစ်ခုနဲ့
လူတွေရဲ့ရင်ထဲကိုသူယုယပေးခဲ့တာ
မြို့တော်မဟာလို့မတွင်ပေမယ့်
အသင်ဟာနတ်သမီးတစ်ပါးပါပဲ.....
ရာသီခွင်သုံးပါးနဲ့အတူ
အသင်တည်နေပုံက
မြို့ပြမဆန်ပေမယ့်
လက်ခံအားကျစရာကောင်းတာအမှန်ပါ....
သမိုင်းတွင်မယ့်ရာဇ၀င်တွေနဲ့
သင်အစဉ်ပြေတဲ့အရပ်မှာ
သင်နေထိုင်ခဲ့တာ
နှစ်ပေါင်းရာချီကြာခဲ့ပြီပဲ...
အသင်ဖြစ်တည်ရာရှေ့ခရီးလမ်းက
အနှောက်ယှက်မှန်သမျှကို
သင်နှင့်တကွဖြေရှင်းကြမယ့်
ခရီးသွားရောင်းရင်းတွေလဲရှိပါရဲ့.....
သက္ကရာဇ်တွေတိုက်စားလို့
အသင်အိုဟောင်းသွားခဲ့ရင်တောင်
ပြိုလဲမသွားနိုင်ပါဘူး...

Thursday, November 19, 2009

လှေငယ်ရှင်

စကားလုံးလှိုင်းတွေကြောင့်
လူးလွန့်ခဲ့တဲ့လှေငယ်
စကားလုံးတွေဘယ်ဆီရောက်ရောက်
ဉီးတည်ချက်ပျောက်မသွားပါစေနဲ့
မုန်တိုင်းတွေကြားထဲက
မင်းဘ၀ခရီးလမ်း
ဘယ်လောက်ကြမ်းတမ်းပါစေ
လှိုင်းကြီးတော့လှေအောက်
လှေမမှောက်အောင်ကြိုးစားပါ
ဟိုးတုန်းက......
စပျစ်သီးကိုမရလို့
ချဉ်ခဲ့ရတဲ့အတွေး
မင်းလေးသိထားပါစေ
အပင်ပေါ်မှာတင့်တယ်နေတဲ့ဘဝ
စကားလုံးတွေနဲ့ပုတ်ချလို့
ကြွေကျခဲ့ရင်
မြေခသွားမှာသေချာတယ်
လှေငယ်ရှင်ရေ......
သတ္တိတွေကိုမွေးဖွား
အတွေးမှားတွေကိုစွန့်
နေ့တစ်နေ့ရဲ့ရောင်နီအကွန့်မှာ
အမှန်တရားကိုရင်ဝယ်ပိုက်
လှေငယ်ရှင်နှစ်ချိုက်စွာ
နိုးထပါလေ.......

Tuesday, November 3, 2009

ဆင်တဲမှဆောင်းည

ခပ်စိမ့်စိမ့် လေအဝှေ့လေးတွေနဲ့ ဆောင်းဆိုတဲ့ အရသာ သူ့မှာရှိတယ်။ မြေနီလမ်းလေးတွေရဲ့ တစ်ဖက်တစ်ချက်က အိမ်ပုပုလေးတွေထဲမှာ ညအခါ စောင်တွေကိုခြုံပြီး မီးတွေလှူံနေကြတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘ၀တွေ.... ဆောင်းရဲ့ အေးမြမှူ့တွေကို အံတုပြီး မြေနီလမ်းလေးတွေပေါ်မှာ လမ်းလျှောက် ထွက်တဲ့အခါ စံပယ်၊ ယုဇနနဲ့ ညမွှေးပန်း ရနံလေးတွေက မွှေးပျံ့ နေတတ်သလို ဟိုဟိုဒီဒီက စာကျက်သံလေးတွေကိုလဲ ကြားရရဲ့ ဒီအချိန်ဆို ကိုလူပျိုတစ်သိုက် လမ်းမီးတိုင် နဘေးနားက တီးဝိုင်းလေးတွေနဲ့ ရေဒီယိုကမာရွတ် နေကြပြီလေ။ တစ်ချို့ချို့ကိုတော့ သူပိုင်ဆိုင်တဲ့ သူ့သတို့သမီးရဲ့ အလှကို လဖ္ဘက်ရေဆိုင်နဲ့ အကြော်ဆိုင်တန်းလေးက သူ့ရဲ့သတို့သမီး ဧရာဝတီဆိုပြီး မိတ်ဆက် ပေးတတ်ပါတယ်။ ကျွန်တော်တို့တွေ အရွယ်ရောက်လို့ သူ့ဆီကစွန့်ခွာပြီး အဝေးမှာ နေရပေမယ့် သတိရလို့ ဆောင်းညတွေမှာ သူ့ဆီကိုပြန်လျှင် အေးမြမှူ့တွေ၊ ခန့်ညားတဲ့ အပြုံးတွေနဲ့ သူနဲ့သူ့သတို့သမီး ဧရာဝတီက အမြဲဆီးကြိုလို့ နေပါတယ်။ ဒါတွေက သူပိုင်ဆိုင်တဲ့ သူ့ရဲ့ ကိုယ်ပိုင် ဆောင်းညတွေပဲပေါ့။

Saturday, October 31, 2009

မနှင်းဆီ

အမှန်တော့
တို့နှစ်ယောက်ဟာ
မထူးဆန်းပါဘူး
ရိုးရိုးလေးချစ်ခဲ့ကြပြီး
တိုးတိုးလေးကြွေခဲ့ရတာပါ
ချစ်ခြင်းမုန်းခြင်းတွေ
ကြားထဲကထိစပ်ခဲ့တဲ့မျဉ်းတွေလို
တစ်ခုနဲ့တစ်ခု
ဖြတ်သွားကြတာလေ
မထူးဆန်းပေမယ့်
အရူးအနှမ်းလိုချစ်ခဲ့မိတာကို
မငြင်းနိုင်ဘူး မနှင်းဆီ.....
ရိုးရိုးလေးပေမယ့်
တိုးတိုးလေးတော့
လွမ်းနေတုန်းပဲ.........

တင်ဆက်သူ....{ချိုကျ}

Wednesday, September 23, 2009

မျက်နှာသစ်မည့်မနက်ဖြန်

သက်ပြင်းမောတွေနဲ့
အပြုံးခပ်ယဲ့ယဲ့တစ်ခုကိုတပ်ဆင်
ခံဝန်ကတိပေါင်းများစွာနဲ့
မနက်ဖြန်ဟာ
နေ့ကောင်းရက်မြတ်ဖြစ်ပါစေ......
ဂန္တ၀င်မြောက်တေးသွားတွေနဲ့
ဘ၀ဟာလေးစားစရာမဟုတ်သလို
ငေးမောအားကျစရာသိပ်မကောင်းဘူး
ဉီးနှောက်ထဲကအလင်းရောင်နဲ့
ကိုယ့်လမ်းကိုယ်ထွင်းခဲ့တာ
နေရာထိုင်ခင်းလေးတစ်ခုတော့ရခဲ့တယ်
အဲဒီနေရာကနေရောင်ကာကို
မနက်ပေါင်များစွာမိုးလင်းစေဖို့
အတ္တကင်းကင်းနဲ့ဖွင့်လှစ်
ငါ့မနက်ဖြန်တွေကိုမျက်နှာသစ်ချင်တယ်......

တင်ဆက်သူ - ချိုကျ(sindecafe)

Monday, September 21, 2009

နှင်းဘုရင်မ

ဝန်ရိုးစွန်းတစ်ဖက်ကမ်းက
လျှောက်လှမ်းလို့မဆုံးနိုင်
ရုန်းမထွက်နိုင်အောင်ဖမ်းစားထားတဲ့
နှင်းလွင်ပြင်......
အသင်နတ်သမီးစံမြန်းရာ
နှင်းသောင်ကမ်းက
ရေခဲအတိပြီးတဲ့နှင်းနန်းတော်....
အပူတွေကင်းဝေး
နှင်းခဲတွေနဲ့အတူအေးချမ်း
နွေလိုအလွမ်းတွေကင်းဝေးတဲ့နေရာ.....
သေရာပါအစွဲအလမ်းတွေနဲ့
ဟန်မဆောင်နိုင်အပြေးလှမ်းချင်ခဲ့.....
ဟောဒီကမ္ဘာတည်နေသမျှ
နှင်းပွင့်သစ္စာမြေမခသ၍
နင်ဟာငါ့ရဲ့
နှင်းဘုရင်မ.....

ကိုရီးယားဇတ်လမ်းလေးတစ်ခုကြည့်ရင်းရရှိတဲ့ခံစားချက်လေးပါ...
ချိုကျ (ဆင်တဲကဖေး)

မိုင်တိုင်မဲ့.....နှလုံးသား

မိုင်တိုင်မရှိတဲ့လမ်း
ကမ်းမရှိတဲ့မြစ်
မျှော်လင့်ချက်မရှိတဲ့လူ
ရှင်သန်နေရတာအတူတူပဲ...
လရောင်ကိုဖမ်းဆုပ်
ညအမှောင်ကိုအံတုတဲ့လူသား
နေဆယ်စင်းအားထက်သာနိုင်တယ်.....
အဆုံးသတ်ခြင်နေတဲ့ငါ့ဘဝ
မျှော်လင့်ချက်မဲ့ခဲ့ရရင်
သေခြာမှူတွေနဲ့ဝေးသွားနိုင်တယ်.....
ဒါကြောင့်
ဘ၀ကိုမျှော်လင့်ခြင်း
အလင်းပေးမယ့်လရောင်ရေ
အချစ်တွေနဲ့ဘ၀တွေစွန်းထင်းဖို့
တစ်အားထွန်းလင်းလိုက်ပါဉီး......

တင်ဆက်သူ - ချိုကျ(ဆင်တဲကဖေး)

Sunday, September 20, 2009

လွမ်းသူ့ရင်

သတိတရ
လွမ်းတစ်သသ
မြေခခဲ့ရတဲ့အလွမ်းတွေ
ဆူးခင်းတဲ့လမ်းမြေကြောင့်
နွမ်းကြွေပေါ့ချစ်သူရေ
အလွမ်းတွေကြောင့်သာ
ရုပ်ပုံလွှာကို
အနမ်းတွေခြွေ
ကျေနပ်နေစိတ်အစဉ်က
အပြစ်မြင်သူ့အထင်ကြောင့်
လွမ်းသူ့ရင်အပြန်လမ်းမှာ
စိုးစိတ်တွေဝင်၊၊

ချိုကျ(ဆင်တဲကဖေး)